MT News
Written by Thi Ha
ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲမည့် အစုန်အဆန်ရထား အောက်တိုဘာလ ၁၄ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာပြေးဆွဲကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ခရီးစဥ်အတွက် အမှတ် ၈၉ အဆန်ရထားနှင့် အမှတ် ၉၀ အစုန်ရထား ဖြစ်သော အဆင့်မြင့် လေအိတ်ရထား ၂ စင်းဖြင့် ပြေးဆွဲပေးနေသည်ဟုသိရသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ် ကပ်ရောဂါအခြေအနေနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရပ်နားထားသော လမ်းပိုင်းများကို ယခု ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးနေခြင်းဖြစ်သည်။ ပြန်လည် ပြေးဆွဲရာတွင် ရိုးရိုးတန်း ၇ တွဲ၊ အထက်တန်း ၅ တွဲနှင့် ရထားထိန်းတစ်တွဲ ပါဝင်ပြီး ရိုးရိုးတန်းခရီးသည် ၃၄၉ ဦးနှင့် အထက်တန်းခရီးသည် ၁၅၅ ဦးတို့ လိုက်ပါစီးနင်းခဲ့ကြသည်။
ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်း၊ နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံ၊ပေါင်၊ ဇင်းကျိုက် ၊ မော်လမြိုင် စသည့် ဘူတာများတွင် အစုန်အဆန်ရထား ရပ်နားမည်ဖြစ်သည်။
ရန်ကုန်မှ မနက် ၆ နာရီခွဲ ထွက်ခွာမည့်ရထားသည် မော်လမြိုင်သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မော်လမြိုင်မှ ရန်ကုန်သို့ မနက် ၉ နာရီတွင် ထွက်ခွာ၍ ည ၇ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဟု သိရသည်။
လက်မှတ်ခများမှာ ရန်ကုန်၊ မော်လမြိုင် ရိုးရိုးတန်း ၃၅၅၀ ကျပ်၊ အထက်တန်း ၇၀၅၀ ကျပ်၊ ရန်ကုန် – ကျိုက်ထို ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ အထက်တန်း ၃၉၅၀ ကျပ်၊ ရန်ကုန် – သထုံ ရိုးရိုးတန်း၂၈၀၀ ကျပ်၊ အထက်တန်း ၅၅၅၀ ကျပ်ဖြင့် ပြေးဆွဲပေးနေပြီး စီးနင်းလိုက်ပါသူ များပြားပါက ရထားအစင်းရေ ထပ်တိုးပြေးဆွဲပေးမည် ဟု သိရသည်။