October 22, 2024

၁၈. ၅. ၂၀၂၃
Written By Thandar

ကလေးသရုပ်ဆောင်ကတည်းက ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ အကယ်ဒမီ ယွန်းယွန်းက “မစ္စတာချက်ကြီး” ရုပ်ရှင်ဇာတ်ကားမှာ အချစ်ဇာတ်ဝင်ခန်း ကြည့်ပြီး ပရိသတ်ဆီက Feedback ဘယ်လိုပြန်ပေးမလဲ သိချင်ပါတယ်လို့ ဖွင့်ဟလာပါတယ်။

“ယွန်း ကလေးသရုပ်ဆောင်ဘဝထဲက ကိုမြင့်မြတ်နဲ့ ရိုက်ဖူးတယ်။ ပျော်ပျော်နေတတ်တယ်။ ကိုမြင့်မြတ်က ဟိတ်ဟန်လည်း မရှိတဲ့ မင်းသားလည်း ဖြစ်တာပေါ့။ ယွန်းနဲ့ နွေးနွေးထွေးထွေးပါပဲ။ ဒီဇာတ်ကားမှာ မှတ်မှတ်ရရ ပြန်ဆုံတော့ ယွန်းငိုနေတဲ့ ဇာတ်ဝင်ခန်းမှာ မငိုပါနဲ့ ညီမလေးပြောရမှာကို မငိုပါနဲ့ သမီးလေးလို့ ယောင်ပြီး ပြောဖြစ်တယ်။ Romance Drama ဇာတ်လေးမှာ လူကြီးသရုပ်ဆောင်အနေနဲ့ ကိုမြင့်မြတ်နဲ့ ပြန်ဆုံတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာ ရိုက်ရင်းနဲ့ ယွန်းလူကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီလို့ ခံစားရပါတယ်။ ဒီကား အချစ်ဇာတ်ဝင်ခန်း ကြည့်ပြီး ပရိသတ်ဆီက Feedback ဘယ်လိုပြန်ပေးမလဲ သိချင်ပါတယ်”လို့ ယွန်းယွန်းက ပြောပါတယ်။

“မစ္စတာချက်ကြီး” ရုပ်ရှင်ဇာတ်ကားဟာ သူမရဲ့ ပထမဦးဆုံး လူကြီးသရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးတဲ့ ကားလည်း ဖြစ်ပါတယ်။ ယွန်းယွန်း ငယ်စဥ်ကလေးဘဝထဲက လက်တွဲခဲ့တဲ့အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။ ချက်ကြီးဆိုတဲ့ မြင့်မြတ်ကို သရုပ်ဆောင် နော်ဖောအယ်ထားနဲ့ ယွန်းယွန်းတို့က အပြိုင်လုရတဲ့ ဇာတ်ဝင်ခန်းတချို့လည်း ပါဝင်ပြီး ဟာသနှောရိုက်ကူးထားတဲ့ ကားလည်း ဖြစ်ပါတယ်။

“ယွန်းက ဒီဇာတ်ကားထဲမှာ စားသောက်ဆိုင်ဖွင့်ထားတာပေါ့။ အဖေဖြစ်သူက ဦးဆင်မပေါ့။ ယွန်းတို့ ဆိုင်မှာ လိုအပ်နေတဲ့ Menu အသစ်တွေ ဖြည့်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆန်းသစ်တဲ့ ဟင်း Menu အသစ်တွေ ချက်နိုင်တဲ့ စားဖိုမှူးကောင်းတွေလိုက်ရှာကြတဲ့ ပုံစံလေးပါ။ ဒီဇာတ်ကား ရိုက်ထားတာ နည်းနည်းကြာပြီ။ ယွန်း အသက် ၂၀ ကျော်လောက်ကပေါ့။ ဇာတ်လမ်းထဲကအသက်နဲ့ အပြင်အသက်နဲ့ သိပ်မကွာဘူးပေါ့။ မြို့သူဆိုပေမယ့် နည်းနည်းလေး ထုံတယ်။ တစ်ခုခုပြောရင် သိပ်နားမလည်လို့ အဖေနဲ့အမြဲ ပြဿနာဖြစ်တယ်ပေါ့” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *