October 22, 2024

ရန်ကုန်မြို့တွင်းရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဥ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)

၁၈. ၅. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃,၀၇၅ လိုင်းအား အလိုလျောက်သွင်းကုန်လိုင်စင်ဖြင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်တွင်လည်း သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများ ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာမှ မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်တွင် ပို့ကုန်/သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၈/၂၀၂၃)ဖြင့် Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 digit level ရှိ သွင်းကုန် ကုန်စည်လိုင်ပေါင်း ၃,၀၇၅ လိုင်းအား Trade Net 2.0 စနစ်တွင် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်တွင်လည်း ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ အဆိုပါ သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃,၀၇၅ လိုင်းအား သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည့် အလိုအလျောက်စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းပေါင်း ၃,၀၇၅ လိုင်းနှင့် ပတ်သက်၍ သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း Help Desk Section Ph-01-379429 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစတင်၍ ပို့ကုန်အမျိုးအစား ၁၀,၀၀၀ ကျော်ကို အလိုအလျောက်ပို့ကုန်လိုင်စင် ထုတ်ပေးမှုစနစ်ဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အလိုအလျောက် သွင်းကုန်လိုင်စင်စနစ်ကိုမူ Country of Origin (CO) အတွက် အခက်အခဲရှိနေသေးသဖြင့် မူဝါဒများချမှတ်နိုင်ခဲ့ခြင်း မရှိသေးသောကြောင့် သွင်းကုန်ကုန်စည်လိုင်းပေါင်း ၃,၀၇၅ ကိုသာ ဇွန်လ ၁ ရက်မှစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်စည်လိုင်းပေါင်း ၈,၇၀၀ ကျော်ကိုမူ Non- Automatic Licensing စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

“ပို့ကုန်ပိုင်းမှာဆိုရင် CO (Country of Origin) က မြန်မာဖြစ်တဲ့အတွက် ပြဿနာမရှိဘူး။ သွင်းကုန်ပိုင်းမှာဆိုရင် CO ပိုင်းကအစ ကွဲလွဲသွားတာဖြစ်တဲ့အတွက် အဲဒီအပိုင်းတွေက ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အသေးစိတ်မူဝါဒပိုင်းဆိုင်ရာတွေ ချမှတ်ဖို့ လိုအပ်သေးတာဖြစ်လို့ နောက်ကျနေခြင်းဖြစ်တယ်” ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။

အလိုလျောက်လိုင်စင်ထုတ်ပေးခြင်းကို စတင်ဆောင်ရွက်သည့်အချိန်တွင် စနစ်က စစ်ဆေးခြင်းဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့လိုသည့် ကုန်စည်အမျိုးအစားများကို မှားယွင်းဖြည့်သွင်းပါက မိမိတာဝန်သာဖြစ်ကြောင်း၊ သုံးလအတွင်း ငါးကြိမ်မှားယွင်းဖြည့်သွင်းမိပါက ၁၀/၂၀၂၀ အမိန့်ကြေညာစာအရ လုပ်ငန်းဆောင်ရွက်ခြင်းကို ခြောက်လ ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *