October 23, 2024

◾️ ယနေ့ ဝေဇယန္တာလမ်းမတွင် လူနှစ်ဦးကို ယာဥ်တစ်စီးဝင်တိုက်မှု ယာဥ်မောင်းမှ တာဝန်မှုရှိရှိဖြေရှင်းဆောင်ရွက်နေဟု ဆို

၁၈. ၅. ၂၀၂
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၀) ရပ်ကွက်၊ သဇင်လမ်းတွင် မေ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက လူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေးခဲ့သည့် ယာဉ်မောင်း အမျိုးသားကို ယနေ့မေလ ၁၈ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ပန်းရံဆရာတစ်ဦးက ထမင်းစားနားချိန် ထမင်းဆိုင်သို့သွားရာမှ လမ်းခုလတ်တွင် ကားတိုက်ခံရခြင်းဖြစ်ပြီး တိုက်သည့်ကားမှ ယာဥ်မောင်းဖြစ်သူက ပန်းရံဆရာ အမျိုးသားကို ဆင်းကြည့်ကာ သေဆုံးသွားပြီအထင်နှင့် ကားပေါ်ပြန်တက် မောင်းပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရပ်ကွက်နေပြည်သူများမှ ကားတိုက်ခံရသူ အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများဖြင့် အသက် ၅၅ နှစ်ရှိ ပန်းရံဆရာမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် ယာဥ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် ကားနံပါတ်နှင့်တကွ ရှာဖွေကာ သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ချက်ဖွင့် အကြောင်းကြားခဲ့ရာမှ တရားခံကို လျှင်လျှင်မြန်မြန် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ယာဥ်မောင်းကို မြောက်ဒဂုံ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့ မေလ ၁၈ ရက်နေ့တွင် ချုပ်ရက် ရီမန်ယူကာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ၏ မိသားစုဝင်များလည်း ရဲစခန်းသို့ ရောက်ရှိနေပြီး နှစ်ဖက်ညှိနှိုင်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ယနေ့ မေလ ၁၈ ရက်နေ့တွင်လည်း လမ်းလျှောက်လာသူ နှစ်ဦးကို Suzuki Ertiga ယာဥ်မှ အနောက်ကဝင်တိုက်သဖြင့် တစ်ဦးခြေထောက်ကျိုးကာ တစ်ဒဏ်ရာရရှိမှုဖြစ်စဥ် သင်္ကန်းကျွန်းမြို့နယ် ၁၆ ကွေ့ အနီး ဝေဇယန္တာလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သူ ပရဟိတလူငယ်များ ပရဟိတအသင်းမှ တာဝန်ရှိသူက “ကားက အမျိုးသမီးတစ်ဦးတည်းမောင်းလာရင်းကနေ လမ်းဘေး လမ်းလျှောက်သူ ၂ ဦးကို တိုက်မိတာလို့ ကနဦးသိရတယ်။ တစ်ဦးက အသက် ၂၀ ဝန်းကျင် လူငယ်နဲ့ ၂၀ ကျော် အမျိုးသမီးငယ်ကိုတိုက်တာ။ အမျိုးသမီးငယ်က ဦးခေါင်းနဖူးမှာ တစ်ချက်ကွဲတယ်။ ဂျိုစောင်းမှာလည်း ကွဲတယ်။ မျက်နှာလည်း ဖူးယောင်ပြီး လုံးဝသတိလစ်နေလို့ အနီရောင်အဆင့် စိုးရိမ်ရ အခြေအနေ သတ်မှတ်လို့ရတယ်။ လူငယ်လေးကတော့ ခြေထောက်ကျိုး အရိုးပေါ်သွားတယ်”ဟု မျက်မြင်အနေအထားအား MT News သို့ ပြောသည်။

ထိုယာဥ်တိုက်မှုတွင်မူ ယာဥ်မောင်းအမျိုးသမီးက စံပြဆေးရုံအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ယာဥ်တိုက်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖြေရှင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *