October 23, 2024

၁၈. ၅. ၂၀၂၃
Written by Nay Aung

အမေရိကန် ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ချိုးဖောက်ပြီး မြန်မာနိုင်ငံမှ ကျွန်းသစ်များအပါအဝင် သစ်များကို အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိနေကြောင်း ဗြိတိန်အခြေစိုက် Environmental Investigation Agency (EIA) အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွန်းသစ်အများဆုံး စိုက်ပျိုးထုတ်လုပ်နေသော နိုင်ငံဖြစ်ရာ သစ်တောပြုန်းတီးမှုများဖြစ်လာမည့်အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေရပြီး လက်ရှိနှုန်းအတိုင်းသာ သစ်တောပြုန်းတီးမှုများ ဆက်လက်ဖြစ်သွားမည်ဆိုပါက ၂၀၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သစ်တောများပျောက်ကွယ်သွားဖွယ်ရှိနေကြောင်း EIA က ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သောအစီအရင်ခံစာ၌ ဖော်ပြထားသည်။

အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ ၊ ဆွတ်ဇာလန်နိုင်ငံတို့သည် မြန်မာသစ်လုပ်ငန်း (MTE)ကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ သို့သော် လန်ဒန်အခြေစိုက် EIA အဖွဲ့က “အမေရိကန်အစိုးရဟာ ၂၀၂၁ ခုနှစ် ဧပြီလက မြန်မာသစ်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့တယ်။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေဟာ အစိုးရကချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီး ၂ နှစ်အတွင်းမှာ မြန်မာနိုင်ငံက သစ်တန်ချိန် ၂၇၆၀ တန်ကို အမေရိကန်နိုင်ငံထဲကို တင်သွင်းခဲ့တယ်” ဟုပြောသည်။

အမေရိကန်အခြေစိုက် East Teak Fine Hardwoods Inc ကုမ္ပဏီ၊ J. Gibson McIlvain Co Inc ကုမ္ပဏီနှင့် Florida Teak ကုမ္ပဏီတို့သည် မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ရယူတင်သွင်းခဲ့ကြောင်း EIA အဖွဲကဖော်ပြထားသည်။EIA အဖွဲဖော်ပြချက်အရ East Teak Fine Hardwoods Inc ကုမ္ပဏီသည် မြန်မာနိုင်ငံထံမှ ကျွန်းသစ်တန်ချိန် ၁၂၈၅ ဒသမ ၃၅ တန်၊ J. Gibson McIlvain Co Inc ကုမ္ပဏီက မြန်မာနိုင်ငံထံမှ ကျွန်းသစ်တန်ချိန် ၁၁၄၈ ဒသမ ၁၂ တန်နှင့် Florida Teak ကုမ္ပဏီက မြန်မာနိုင်ငံထံမှ ကျွန်းသစ်တန်ချိန် ၁၅၁ ဒသမ ၈၅ တန် တင်သွင်းခဲ့ကြောင်း EIA အဖွဲ့ကပြောသည်။

သို့သော် ထိုတင်သွင်းမှုအပေါ် Florida Teak ကုမ္ပဏီကမူ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းမျိုးမရှိခဲ့ကြောင်း တုံ့ပြန်ထားသည်။ ကုလသမဂ္ဂ၏ Comtrade အဖွဲ့က အမေရိကန်ကုမ္ပဏီများသည် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများကို ချိုးဖောက်ပြီး အမေရိကန်နိုင်ငံအတွင်းသို့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် တန်ဖိုးရှိ ကျွန်းသစ်များ တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

Ref——–yachtingmonthly

Leave a Reply

Your email address will not be published. Required fields are marked *