October 23, 2024

၁၈. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်ခြေရှိသော အစိုးရအဖွဲ့သစ်လေးခုရှိနေကြောင်း Nation TV ရုပ်မြင်သံကြားသတင်းဌာနက သုံးသပ်ပြောကြားမှုပြုခဲ့ကြောင်း သိရသည်။

၎င်း၏သုံးသပ်ချက်အရ ဖြစ်လာနိုင်ခြေရှိသော အစိုးရအဖွဲ့သစ်လေးရပ်အနက် နှစ်ရပ်သာလျှင် ရွေးကောက်ပွဲ၌ မဲအများဆုံးရ၍ အနိုင်ရထားသော Move Forward Party ၏ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်အဖြစ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့များဖြစ်လိမ့်မည်ဟုလည်း သုံးသပ်ချက်က ဖော်ပြခဲ့သည်။

Move Forward Party အနေဖြင့် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၂ နေရာရ၍ မဲအများဆုံးရကာ အနိုင်ရခဲ့သော်လည်း ပါတီခေါင်းဆောင် ပီတာအဖို့ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဖြစ်လာရန် ၎င်း၏ပါတီအတွက် လုံလောက်သော ထောက်ခံမှုရရှိရန် အနည်းဆုံး လိုအပ်သည့်အရေအတွက်ကို မပြည့်မီခဲ့ချေ။

ထို့ကြောင့်လည်း ဝန်ကြီးချုပ်အသစ်ဖြစ်ရေးအတွက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ပူးတွဲရွေးချယ်ပွဲတွင် အထက်လွှတ်တော်အမတ် ၂၅၀ ၏ လိုလိုလားလားထောက်ခံမှုကို မရရှိနိုင်ဖြစ်နေသော ပီတာ့အတွက် အောက်လွှတ်တော်မှပင် အနည်းဆုံးထောက်ခံမှုအမတ် ၃၇၆ နေရာရရှိရေးကြိုးပမ်းရန် လိုအပ်လာသည်ဟု ဆိုရပေမည်။

ထိုကဲ့သို့သော ရွေးကောက်ပွဲအပြီး အနိုင်အရှုံး ယတိပြတ်မပြောနိုင်သော အခြေအနေ၌ များမကြာမီကာလတွင် ပေါ်ပေါက်လာတော့မည့် ထိုင်းနိုင်ငံ၏အစိုးရအဖွဲ့သစ်နှင့် ၎င်းတို့အားဦးဆောင်မည့်သူများကို Nation TV ရုပ်မြင်သံကြားသတင်းဌာနက ခန့်မှန်းသုံးသပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အစိုးရသစ်ဖြစ်ပေါ်နိုင်ရေး အချက်လေးချက်မှာ…..

ပထမအနေဖြင့် MFP ပါတီခေါင်းဆောင် ပီတာကဝန်ကြီးချုပ်အဖြစ် ခေါင်းဆောင်သော လစ်ဘရယ်အစိုးရဖြစ်လိမ့်မည်ဖြစ်သည်။ ထိုနည်းလမ်းအရဆိုလျှင် ပီတာက ညွန့်ပေါင်းအစိုးရကို ၎င်းအားလောလောဆယ်ထောက်ခံမှုပြုရန် သေချာပြီးဖြစ်သော အမတ် ၃၁၀ ဖြင့်ပင် ဝန်ကြီးချုပ်အဖြစ်ဦးဆောင်ရန် ပူးတွဲရွေးချယ်ပွဲ၌ အဆိုပြုလိမ့်မည်ဖြစ်သည်။ ထိုညွန့်ပေါင်းအစိုးရတွင် Move Forward Party ကအမတ်နေရာ ၁၅၂ နေရာ၊ ဖျူထိုင်း (Phey Thai)ပါတီက အမတ်နေရာ ၁၄၁ နေရာ၊ Prachachat ပါတီက ကိုးနေရာ၊ Thai Sang Thai ပါတီက ခြောက်နေရာ၊ Sereeruamthai ပါတီက တစ်နေရာနှင့် Fair ပါတီက တစ်နေရာဖြင့် ခြောက်ပါတီ ပူးပေါင်းကြမည်ဖြစ်သည်။

Move Forward Party က ထိုကဲ့သို့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ထိုပါတီများနှင့်ဆွေးနွေးရာတွင် ထိုင်းစစ်တပ်ကရွေးချယ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ ၏ ပိတ်ဆို့ကန့်ကွက်မှုမခံရရေး အာမခံသည်ဟုပြောခဲ့သည်။ သို့သော် ထိုနည်းလမ်းအတိုင်း အစိုးရအဖွဲ့သစ်ဖွဲ့နိုင်ရန်မှာ MFP အနေဖြင့် နောက်ထပ်အနည်းဆုံး အမတ် ၆၀ ၏ထောက်ခံမှုရရေး လိုအပ်နေသေးသည်။

ဒုတိယဖြစ်နိုင်ခြေတွင်မူ အထက်ပါပါတီများအပြင်ရွေးကောက်ပွဲ၌ အမတ်နေရာ ၇၀ ဖြင့် တတိယရခဲ့သည့် Bhumjaithai ပါတီကိုလည်း စည်းရုံးသိမ်းသွင်းနိုင်မည်ဆိုက စုစုပေါင်းထောက်ခံမှုပြုမည့်အမတ် ၃၈၀ ဖြင့် MFP အဖို့ ညွန့်ပေါင်းအစိုးရကို ပီတာ ဦးဆောင်လျက် ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် စကားစစ်ထိုးပွဲများအတွင်း ပဋိပက္ခများဖြစ်ခဲ့မှုကြောင့် Bhumjaithai ပါတီက ပူးပေါင်းရန် ငြင်းပယ်ထားရာ ထိုဖြစ်နိုင်ခြေမှာလည်း မလွယ်ဟုသာ ဆိုရပေမည်။

တတိယဖြစ်နိုင်ခြေမှာမူ ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်အဖြစ်အဆိုပြုမည့်သူဦးဆောင်၍ ရှေးရိုးစွဲမူဝါဒလိုလားသည့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့နိုင်ရေးဖြစ်သည်။ ထိုအစိုးရတွင် ဖျုထိုင်းက အမတ်နေရာ ၁၄၁ နေရာ၊ Bhumjaithai ပါတီက အမတ်နေရာ ၇၀၊ Palang Pracharath ပါတီက အမတ်နေရာ ၄၀၊ Chart Thai Pattana ပါတီက ၁၀ နေရာနှင့် Chart Pattana Kla ပါတီက နှစ်နေရာတို့ဖြင့် ထောက်ခံမှုပြုမည့် အမတ် စုစုပေါင်း ၂၈၈ ဦးကို အောက်လွှတ်တော်တွင် ရရှိမည်ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် ဖျူထိုင်းပါ တီခေါင်းဆောင် ဆရက်သာ သာဗင်ဆင်(Srettha Thavisin) (သို့မဟုတ်) ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီး ပေတုံတန် တစ်ဦးဦးတို့က ဖျုထိုင်းပါတီကိုယ်စားဝန်ကြီးချုပ်လောင်းအဖြစ်ဆောင်ရွက်ကြမည်ဖြစ်သည်။

သို့သော် ထိုဖြစ်နိုင်ခြေတွင်လည်း ဖျူထိုင်းပါတီက စစ်ဘက်-အရပ်ဘက် ပူးပေါင်းထားသော Palang Pracharath ပါတီနှင့်မပူးပေါင်းဟု ပြောထားခဲ့ဘူးရာ ထိုအတားအဆီးကို ကျော်လွှားနိုင်ရန် လိုပေမည်။

နောက်ဆုံးဖြစ်နိုင်ခြေအရ ပရာယွတ်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်လုပ်ခဲ့သည့် Bhumjaithai ပါတီ ခေါင်းဆောင် အနျူတင်ကိုပင် ဝန်ကြီးချုပ်ထား၍ ရှေးရိုးစွဲညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရေးဖြစ်သည်။ ထိုအစိုးရအတွက် Bhumjaithai ပါတီက အမတ်နေရာ ၇၀၊ Palang Pracharath ပါတီက အမတ်နေရာ ၄၀၊ United Thai Nation ပါတီက ၃၆ နေရာ၊ Democrat ပါတီက ၂၅ နေရာ Chart Thai Pattana ပါတီက ၁၀ နေရာနှင့် Chart Pattana Kla ပါတီက နှစ်နေရာ တို့ဖြင့် ထောက်ခံမှုပြုမည့် အမတ် စုစုပေါင်း ၁၈၃ ဦးကို အောက်လွှတ်တော်တွင် ရရှိမည်ဖြစ်သည်။ ၎င်းအစိုးရအနေဖြင့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုရနိုင်သော်လည်း အခြားသောဖြစ်နိုင်ခြေများက မည်သို့ရှိမည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

ထို့ကြောင့်လည်း ထိုင်းနိုင်ငံ၏ နောက်အစိုးရသစ်အနေဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖြစ်ရန်မှာ သေချာသော်လည်း မည်သည့်ပါတီ၊ မည်သူက ဦးဆောင်လိမ့်မည်ဆိုသည်မှာ ယတိပြတ်မပြောနိုင်သည့် အခြေအနေတွင်သာ ရှိနေပေသည်။

Ref— Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *