October 23, 2024

MT News

Written by Nay Aung

အကူညီပေးရေးအဖွဲ့အစည်းများသည် မုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ကူညီထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေနိုင်ရန်နှင့် အခြေနေများကို အတိအကျ အကဲဖြတ်သုံးသပ်နိုင်ရန်အတွက် မြန်မာအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့စည်းများကပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိအချို့နေရာများသည် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပြီး အကူအညီများရရှိခြင်းမျိုးမရှိသေးကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးရုံး (OCHA)၏ ပြောရေးဆိုခွင့်ရှိသူ ပီယာပီရွန်က ” ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှိအာဏာပိုင်အားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်း အကုန်တည်ဆောက်ထားတယ်။မုန်တိုင်းဒဏ်ခံရတဲ့ သူတွေကို ကန့်သတ်မှုတွေမရှိဘဲ အကူအညီတွေပေးနိုင်ဖို့တောင်းဆိုထားတယ် ” ဟုပြောသည်။

ထို့အပြင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းများဖြစ်သော ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ UNICEF နှင့် UNHCR အဖွဲ့များကလည်း ၎င်းတို့အနေဖြင့် မုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသောနေရာများသို့ သွားရောက်ကူညီပေးနိုင်ရန် မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်များကိုစောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ပြောသည်။

UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ ရူဘင်လင်းက “မုန်သုံရာသီက နီးကပ်နေပြီဖြစ်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူတွေဟာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု၊ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ဖို့နဲ့ အသက်ကယ်ဆယ်ရေး အကူအညီများ ချက်ချင်းပေးနိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့များအနက် မိုခါမုန်တိုင်း ဖြတ်ကျော်သွားသော လမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတွင်နေထိုင်သူ လူဦးရေ ၅ ဒသမ ၄ သန်းခန့် မုန်တိုင်းဒဏ်သင့်ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော (OCHA)ကသတင်းထုတ်ပြန်ထားသည်။

ထို့အတူ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကလည်း မိုခါမုန်တိုင်းဒဏ်ခံရသူများမှ အနည်းဆုံးရှစ်သိန်းကို အရေးပေါ်အစားအစာနှင့်ငွေကြေး သုံးလအတွင်း ကူညီမည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။

Ref— WFP, Reuter

Leave a Reply

Your email address will not be published. Required fields are marked *