October 23, 2024

MT News

​ဆိုင်ကလုန်းမိုခါဒဏ်ခံ ရခိုင်နှင့် ချင်းပြည်နယ်အတွက် ဒေါ်လာ နှစ်သိန်း ပံ့ပိုးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကန်သံရုံးက ယမန်နေ့က ပြောသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိကြောင်းကို ကြားသိရ၍ ဤသို့ပျက်စီးဆုံးရှုံးမှုများနှင့်တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများနှင့်အတူ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိရာ ထို ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမည်ဟု ဆိုသည်။

ထို ထပ်မံထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်ပြီး ဆိုင်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ​ ရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် အရေးပေါ်စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ အဓိကကျသောကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသင့်ပြင်ဆင်ထားခဲ့သည်ဟုလည်း အမေရိကန်သံရုံးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *