October 24, 2024

၁၈. ၅. ၂၀၂၃

Written by Ye Kyaw

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများပြုပြင်ရန် ကျွမ်းကျင်ဝန်ထမ်း ၁,၀၀၀ ကျော် စေလွှတ်၍ ဆောင်ရွက်လျက်ရှိပြီး ယခုမေလကုန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတာဝါတိုင် (၁၂) တိုင် ပျက်စီးမှုများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်း ပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအင်အားစုဖွဲ့ထားရှိမှု ၊ ပစ္စည်းများပို့ဆောင်ရောက်ရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင် ဝန်ထမ်းအင်အား ၄၂၀ တို့သည် စစ်တွေဒေသ ၊ မြောက်ဦးဒေသ ၊ ပုဏ္ဏားကျွန်း ဒေသများတွင် အသီးသီးဖြန့်ခွဲ၍ ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများအား လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မကွေး ၊ ဧရာဝတီ တိုင်းဒေသကြီးများမှ စုဖွဲ့ထားသော ကျွမ်းကျင်ဝန်ထမ်း အင်အား ၆၀၀ ဖြင့် စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများအား လည်းကောင်း အသီးသီး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ၊ မေလကုန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း အထက်ပါအစည်းအဝေးမှ သိရသည်။

အလားတူ ပြင်ဆင်ခြင်း လုပ်ငန်းများအား အချိန်မီ ပြုပြင် ပြင်ဆင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသော ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန် (၆၉) တန်ရှိ တာဝါ သံဘောင်များ ၊ ကွန်ကရစ်တာဝါတိုင် (၃၅၀၀) တိုင် နှင့် အိမ်မိုးသွပ် (၁၅၀၀) ချပ် ၊ မီးစက်များ ၊ စက်သုံးဆီများ အား တပ်မတော်ရေယာဉ်များဖြင့် လည်းကောင်း ၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀) အား စစ်တွေဒေသသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း ၊ အခြားဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ ၊ ကြိုးများ ၊ ကြွေသီးများ ၊လိုင်းဆွဲသားရာတွင် အသုံးပြုသည့် ယန္တရားများအား မော်တော်ယာဉ် (၁၂)စီးဖြင့် လည်းကောင်း အသီးသီးပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသော ပစ္စည်းများကိုလည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *