October 24, 2024

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူငွေများ လာရောက်လှူဒါန်းမှုကို တွေ့ရစဥ်

၁၈. ၅. ၂၀၂၃
Written by Nyein Kyaw

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအရတို့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး တိုင်း‌ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အချို့တွင်မူ မိုဘိုင်းဘဏ်အကောင့်များ လက်တလောစီစဥ်မဆောင်ရွက်နိုင်သေးသဖြင့် ငွေသားတိုက်ရိုက်သာ လက်ခံပေးနိုင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မေလ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများလှူဒါန်းလိုသူများအနေဖြင့် လှူဒါန်းမည့် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးထားသည့် ရန်ပုံငွေစာရင်းများသို့ လှူဒါန်းနိုင်သည့်အပြင် လှူဒါန်းငွေနှင့် ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများတွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနများသို့လည်း သဒ္ဓါတက်အားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်မှာ လေဘေးသင့်အိမ်ထောင်စုတွေအတွက်ကို မနေ့က မေ ၁၇ ရက်မှာ ပထမအကြိမ်ပေါ့။ အလှူငွေပေးအပ်ပွဲကို မြို့တော်ခန်းမမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ငွေသားအနေနဲ့လည်း လက်ခံဆောင်ရွက်ပေးတယ်။ မြေပြင်မှာ အမှန်တကယ်လိုမယ့် စားသောက်ကုန်တွေဖြစ်တဲ့ ဆန်တို့၊ ဆီတို့၊ ခေါက်ဆွဲခြောက်၊ ရေသန့်တို့ပေါ့နော်။ အဲဒါတွေကို စနစ်တကျလက်ခံပြီးတော့မှ ဒေသတွေရောက်‌အောင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ တင်ပို့ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုတော့ K-Pay တို့ အခြားအကောင့်တို့ ဖွင့်ထားတာမရှိသေးပါဘူး။ ကျွန်တော်တို့အစိုးရအဖွဲ့မှာ ဘဏ္ဍာရေး Section ဖွင့်ထားပြီးတော့မှ ငွေသားအနေနဲ့ လက်ခံပေးထားတာဖြစ်ပါတယ်။ ပစ္စည်းဆိုရင်လည်း လက်ခံပေးနေတာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ဆွေမြင့်က ပြောသည်။

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများသို့ လှူဒါန်းလိုသူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

K Pay ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၃၃၊ ၀၉-၂၅၅၀၀၁၅၃၄ တို့ကိုလည်းကောင်း၊ Wave Money ဖြင့်လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၄၂၊ ၀၉-၂၅၅၀၀၁၅၄၃ တို့ကိုလည်းကောင်း လှူဒါန်းနိုင်ကြောင်း ကြေညာထားသည်။

နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုပါကလည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပြီး မြန်မာ့နိုင်ခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပြီး ပြည်တွင်းပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့် SWIFT CODE/BIC- MFTBMMMY၊ Beneficiary Name- Natural Disaster Management Fund၊ Beneficiary A/C No-1DA-0300086 သို့ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *