October 24, 2024

ပြိုင်ပွဲတွင် ဆုရရှိသူငါးဦးကို မြန်မာနိုင်ငံတွင် ချီးမြှင့်မည့်အပြင် ဖန်တီးမှုလက်ရာများ ရုရှားသို့ပါ ဆက်လက်ပေးပို့ယှဥ်ပြိုင်ပေးရန် စီစဥ်ထား

MT News
Written By Thandar

ရုရှားဖက်ဒရေးရှင်နိုင်ငံမှာ ကျင်းပမယ့် ဖန်တီးမှုစွမ်းရည် အမျိုးသားအဆင့်ဖိတ်ခေါ်ပြိုင်ပွဲ (National Open Championship of Creative Skills (ARTMASTERS) ဝင်ရောက်ယှဥ်ပြိုင်ဖို့ အခွင့်အလမ်းအဖြစ် မျိုးဆက်သစ် ဂီတဖန်တီးနိုင်သူတွေကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဖိတ်ခေါ်လိုက်ပြီး ပြိုင်ပွဲမှာ ဆုရရှိသူငါးဦးကို မြန်မာနိုင်ငံမှာ ဆုချီးမြှင့်မဲ့အပြင် ဖန်တီးမှုလက်ရာတွေကို ရုရှားအထိ ဆက်လက်ပေးပို့ယှဥ်ပြိုင်ပေးရန် စီစဥ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အနေနဲ့ မြန်မာနိုင်ငံတဝှမ်းက ဂီတပညာရှင် ရွက်ပုန်းသီးတွေရဲ့ ဂီတသီချင်း ကိုယ်တိုင်ရေးသား သီကုံးမှုတွေကို တီထွင်ဖန်တီးပြီး ယှဉ်ပြိုင်နိုင်ဖို့ လက်ခံဆောင်ရွက်ပေးပြီး ပေးပို့သွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ဆီက ရုရှားနိုင်ငံက မြန်မာနိုင်ငံက ဂီတဖန်တီးမှုတွေကို လာမယ့် ဇွန်လ ၂၈ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ပြန်ကြားရေးဌာနကို အကြောင်းကြားလာပါတယ်။ ကျွန်တော့်ဆီက ရွက်ပုန်းသီး တက်သစ်စ မျိုးဆက်သစ် ဂီတသမားတွေရဲ့ ဆန်းသစ်တီထွင်မှုတွေကို တိမ်မြုပ်နေသလိုဖြစ်နေတယ်။ နာမည်ကြီးအဆိုရှင်တွေကသာ ပေါ်လွင်နေတယ်ပြောတယ်။တကယ် တတ်ကျွမ်းနေတဲ့ပညာရှင်လေးတွေလည်း ရှိကြမှာပဲလေ။ ကိုယ်တင်ပြချင်တဲ့ အနုပညာဖန်တီးမှုလက်ရာတွေ ပြသချင်ရင် နိုင်ငံတကာလည်း ပို့ပေးမယ်။ မြန်မာနိုင်ငံက ဂီတနေ့ ဖြစ်တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ထိုက်ထိုက်တန်တန် ဆုကြေးတွေ ချီးမြှင့်ပေးသွားဖို့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တာပါ”လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ပြန်ကြားရေးဌာနက တွဲဖက်ပြန်ကြားရေးမှူး အကော်ဒီယံ ဦးအောင်မင်းနိုင်က MT News ကို ပြောပါတယ်။

ပြိုင်ပွဲရဲ့ Website မှာဖော်ပြထားတဲ့ အချက်အလက်တွေအရ ဂီတဝါသနာရှင် လူငယ်တွေအနေနဲ့ မိမိတို့ ဖန်တီးထားတဲ့ ဓာတ်ပုံ၊ အသံ၊ ဗီဒီယိုအထူးပြုလုပ်ချက်၊ သီချင်းသီကုံးရေးသားမှု၊ ဝတ်စုံဖန်တီးမှုစတဲ့ အရည်အသွေးဆိုင်ရာ တီထွင်ဖန်တီးမှုတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ Page ဖြစ်တဲ့ Myanmar Music Association Chat Box ကိုလည်း မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပေးပို့ပေးရမှာ ဖြစ်ပါတယ်။

“ပြိုင်ပွဲဝင်သူတွေက ကိုယ်ပိုင်သံစဥ်၊ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဂီတပညာရပ်တွေ၊ အဆိုပိုင်းတွေလည်း ပါဝင်ယှဥ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ သီချင်းခွေ ထွက်ရှိထားသူပဲဖြစ်ဖြစ် သူ့ရဲ့ ဖန်တီးမှုတိုင်းက အသစ်ဖြစ်နေတယ်။ Copy သံစဥ်တွေမရပါဘူး။ တခြားသူဟာ မဖြစ်ရင် ရပါတယ်။ မည်သူမဆို ပါဝင်ယှဥ်ပြိုင်လို့ရပါတယ်။ ဘာကန့်သတ်ချက်မှလည်း ထည့်မထားပါဘူး။ ကိုယ်ပိုင်အရည်အချင်းရှိရင် ရပါတယ်။ တိုင်းရင်းသားတော်တော်များများ တီထွင်ဖန်တီးနိုင်တာလည်း တွေ့ရတယ်။ သူတို့လည်း ပါဝင်လာစေချင်ပါတယ်။ ကျွန်တော်တို့ဆီက စည်းကမ်းချက်အတိုင်း ပြိုင်ပွဲဝင်လာသူတွေကို ဆန်ကာတင် သေချာစိစစ်ပြီးတော့ ဆုရသူ ၅ ဦးကို ရုရှားနိုင်ငံ (ARTMASTERS) ကိုပေးပို့သွားမှာ ဖြစ်ပါတယ်။ ရုရှားဘက်မှာလည်း ဆု တခါထပ်ရနိုင်ဦးမှာဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

ဒီပြိုင်ပွဲကနေ ဆုရရှိသူ ၅ ဦးကို မြန်မာနိုင်ငံ ဂီတနေ့ ဇွန် ၂၇ ရက်နေ့မှာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲက ရွေးချယ်ခံရသူတွေကို မြန်မာအသံ ရုပ်မြင်သံကြား ၊ မြဝတီ ရုပ်သံဌာနတွေမှာ တေးသီချင်းတွေ သီဆိုတင်ဆက်နိုင်ဖို့ စီစဥ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *