October 24, 2024

◾️ ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံ

၁၈. ၅. ၂၀၂၃
Written by Pan Ei

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းစ်ကို ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် မေလ ၅ ရက်ကနေ မေလ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို မနေ့ညက ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာရှိတဲ့ Morodok Techo အမျိုးသားအားကစားကွင်းမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

ပိတ်ပွဲအခမ်းအနား အကြိုဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပနေစဉ်အတွင်း မိုးရွာပြီး လျှပ်စီးလက်တာတွေ ဖြစ်ပွားခဲ့ပေမဲ့ ကွင်းအတွင်း ဖျော်ဖြေသူတွေနဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေက ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ရာသီဥတုဆိုးရွားနေပေမဲ့လည်း အော်ဟစ်ကခုန်ပြီး အားပေးခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းသံနဲ့အတူ ပိတ်ပွဲအခမ်းအနားကို စတင်ခဲ့ပြီး စွဲမက်ဖွယ်ကောင်းပြီး လှပတဲ့ မီးရှူးမီးပန်းတွေလည်းပစ်ဖောက်ခဲ့ကြတဲ့အပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာအားကစားဖြစ်ပြီး အခု ဆီးဂိမ်းစ်မှာ ပွဲဦးထွက်စတင်ခဲ့တဲ့ ခွန်ဘိုကတောကို ဂုဏ်ပြုတင်ဆက်တဲ့ အခမ်းအနားအစီအစဉ်တွေလည်း ပိတ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။

၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရွှေတံဆိပ် ၆ ဆုနဲ့ ငွေတံဆိပ် ၂ ဆု ရရှိခဲ့တဲ့ စင်ကာပူရေကူးသမား Quah Ting Wen က ရရှိခဲ့ပြီး အဆိုပါဆုကိုပဲ ၂၀၁၉ ဆီးဂိမ်းစ်မှာ သူမရဲ့ မောင်ဖြစ်သူက ရရှိခဲ့သလို ၂၀၂၁ ဆီးဂိမ်းစ်မှာလည်း သူမရဲ့ ညီမဖြစ်သူက အဆိုပါရရှိခဲ့တဲ့ သူတွေထဲက တစ်ဦးဖြစ်ခဲ့တာကြောင့် ဒီဆုရတဲ့အတွက် အရမ်းဂုဏ်ယူမိကြောင်းလည်း Quah Ting Wen က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆီးဂိမ်းပြိုင်ပွဲကို တရားဝင်ပိတ်သိမ်းခဲ့ပြီး ဆီးဂိမ်းစ်အဖွဲ့ချုပ်အလံကို ၂၀၂၅ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၃၅၅ ခုနဲ့ ဗီယက်နမ်နိုင်ငံက ဗိုလ်ဆွဲခဲ့ပြီး ဆုတံဆိပ် ၃၁၂ ဆုနဲ့ ထိုင်းနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

မြန်မာအသင်းဟာလည်း ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ်၂၅ ခုနဲ့ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ဆွတ်ခူးရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ်ဇယားမှာ မြန်မာနိုင်ငံက အဆင့်ရှစ်နေရာမှာ ရပ်တည်ခဲ့သလို ဒီဆုတံဆိပ်ဟာ တခြားသော အာဆီယံနိုင်ငံတွေကို ဧည့်သည်အဖြစ် သွားရောက်ယှဥ်ပြိုင်ရတဲ့ ၄၂ နှစ်တာကာလအတွင်းမှာ ရွှေတံဆိပ် အများဆုံးပြန်ရခဲ့တာလည်း ဖြစ်ပါတယ်။

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆုန်ခလာမြို့တို့မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပြီး အဆိုပါ ဆီးဂိမ်းစ်ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပတာ သတ္တမအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

Ref; CNA; Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *