October 24, 2024

၁၈. ၅. ၂၀၂၃
Written by Thettant

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်က မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံငါးရုံကို ယာယီပိတ်သိမ်းခဲ့ရာမှ လက်ရှိအချိန်တွင် ဆေးရုံသုံးခုကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် CDM အထူးကုဆရာဝန်တစ်ဦးနှင့် PDF များကို ကုသပေးနေသည့် ဆရာဝန်အများအပြား ဖမ်းဆီးခံရပြီးနောက် ယာယီပိတ်သိမ်းခံလိုက်ရသည့် ဆေးရုံများမှာ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံတို့ဖြစ်ပြီး လက်ရှိ ပိတ်သိမ်းခံရသည့် ဆေးရုံသုံးခုမှာ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနှင့် ကံ့ကော်ဆေးရုံတို့ဖြစ်ကြောင်း သိရသည်။

“အစကတော့ CDM တွေ အလုပ်ခန့်လို့ဆိုပြီး ယာယီပိတ်သိမ်းတာပေါ့။ နောက်တော့ အလုပ်ခန့်တာအပြင် တခြားလိုင်စင်စည်းကမ်းမလိုက်နာတာတွေပါတွေ့လို့ အပြီးပိတ်သိမ်းခံရတာလို့ သိရတယ်” ဟု ပိတ်သိမ်းခံရသည့် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါလိုင်စင်ပိတ်သိမ်းခံရသည့် ဆေးရုံများနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အမိန့်စာများ၌ ထိုဆေးရုံများမှာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် (၁၃-၂-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးဆုံးဖြတ်ချက်အရ ပုဂ္ဂလိကဆေးရုံလုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်သည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *