October 24, 2024

၁၇. ၅. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ ဆန်အိတ်ရေ ၁,၀၀၀ (တန်ချိန် ၅၀)နှင့် စပါးတင်း ၅,၀၀၀ အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ နိုင်ငံတော်အဆင့် ထုတ်ပြန်ထားပြီး လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကော်မတီများ စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်က အမိန့်ကြေညာစာပဲထွက်သေးတာ။ အဲဒါတွေက တိုင်းအဆင့်တွေဖွဲ့ရဦးမယ်။ တိုင်းနဲ့ပြည်နယ်အဆင့် မဖွဲ့ရသေးဘူး။ နိုင်ငံတော်အဆင့်ပဲ ဖွဲ့ရသေးတယ်။ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့တော့ လုပ်နေတယ်။ ဧရာဝတီတိုင်းကတော့ တိုင်းကော်မတီတွေ၊ မြို့နယ်ကော်မတီတွေရှိတယ်။ ပုံမှန်သိုလှောင်တဲ့သူတွေပါလား။ လုပ်ငန်းလုပ်တဲ့သူတွေပဲ သီးသန့်လုပ်မှာလားတော့ အခုထိမသိရသေးဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ပြည်တွင်း ဆန်ဈေးကွက်တွင် ဆန်များသိုလှောင်ကာ ဈေးနှုန်းကစားခြင်း၊ သမားရိုးကျမဟုတ်ဘဲ ဆန်ဈေးနှုန်းတက်အောင် ဆောင်ရွက်မှုများကို ထိန်းကျောင်းနိုင်ရန်အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယခင်က ဆန်နှင့်စပါးများ သိုလှောင်ခြင်းအတွက် မည်သည့်ဌာနကိုမျှ စာရင်းပေးသွင်းရန်မလိုအပ်သော်လည်း ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် မှတ်ပုံတင်လုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာနက တစ်ဆင့် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆန်စပါးသိုလှောင်မှုဆိုင်ရာ မှတ်ပုံတင်စာရင်းကောက်ခံမှုကို ICT နှင့် Digital နည်းပညာကို အသုံးပြုကာ အွန်လိုင်းမှတ်ပုံတင်ခြင်း (Online Registration) စနစ် ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆန်စပါး သိုလှောင်ထားမှု စာရင်းကောက်ယူနိုင်မည်ဆိုပါက ဆန်လက်ကျန်ပမာဏနှင့် ဆန်ဝင်ဆန့်နိုင်သည့် သိုလှောင်ရုံအရေအတွက် စသည်တို့ကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့၌ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်း၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်လုပ်ငန်းလီမိတက် စသည်တို့၏ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *