MT News
Written by Thi Ha
COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့်ကာလ၏ အလွန်ဟု ဆိုရမည့် ၂၀၂၂ခုနှစ် ပွင့်လင်းရာသီတွင် စိတ်ထွက်ပေါက်တစ်ခုအနေနှင့် သွားလာလည်ပတ်မှုများ အထိုက်အလျောက် ပြန်လည်စည်ကားလာသည်ကိုလည်း မြို့ပြများတွင် တွေ့မြင်ရသည်။
သုံးနှစ်ဝန်းကျင်ခန့် ကျန်းမာရေး၊ စီးပွားရေး အဆင်မပြေမှုများကြားမှ ရုန်းထွက်လာနိုင်သည့် အခြေအနေတစ်ခုဟုလည်း ဆိုရမည် ဖြစ်သည်။
“သားသား အသက်က ၃ နှစ်ခွဲ။ သူ့ငယ်ဘဝက တိုက်ခန်းထဲမှာပဲ ဖြတ်သန်းခဲ့ရတာ။ အခု လည်ပတ်နေရတော့ အသစ်အဆန်းတွေ ဖြစ်နေတာ ” ဟု ရန်ကုန်မြို့၏ အနီးဆုံးတွင် ဖွင့်လှစ်တည်ရှိနေသည့် သဘာဝ အပန်းဖြေ ဉယျာဥ်စားသောက်ဆိုင်နှင့် မွေးမြူရေးခြံသို့ အလည်လာရောက်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
မွန်းကြပ်မှုတွေကနေ လူတွေ ရုန်းထွက်လိုကြသည်။ စိတ်၏ထွက်ပေါက် လိုအပ်သည်။ ခရီးတွေ သွားကြသည်။ ခရီးဝေး မသွားနိုင်သူများကလည်း မြို့ပြနှင့်အနီးဆုံး နေ့ချင်းပြန် သွားလာလည်ပတ်၍လည်းရသလို စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်မည့် နေရာများ ရှာဖွေလာကြသည်။
အဆိုပါ နေရာများတွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့ နွယ်ခွေ စံပြကျေးရွာတွင် ဖွင့်လှစ်ထားသည့် TM Farm Roadhouse စားသောက်ဆိုင် အပန်းဖြေစခန်းနှင့် နွားမွေးမြူရေးခြံသည်လည်း ကိုဗစ်ကာလအလွန် လည်ပတ်စရာနေရာများထဲမှ တစ်နေရာ အဖြစ်ပါဝင်လာသည်။
TM Farm House သည် ဧက ၈၀ နီးပါးကျယ်ဝန်းသည့် သြဇီနို့စားနွား မွေးမြူရေးခြံကြီးအတွင်းတွင် နို့ထွက်ပစ္စည်းများနှင့် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချရင်း အပမ်းဖြေအနားယူနိုင်ဖို့ ဉယျာဥ်တစ်ခုကိုပါ တွဲဖက်၍ စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချသည့် နေရာတစ်ခုဖြစ်သည်။
“ကျွန်မတို့ TM Farm ကို မနှစ်က နိုဝင်ဘာ ၅ ရက်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီ Farm လေးဖွင့်နိုင်ဖို့ ၂၀၁၉ လောက်ကတည်းက ပြုပြင်နေတာပါ။ အရင်ကတော့ နွားမွေးမြူရေးနဲ့ နို့ထွက်ပစ္စည်းစက်ရုံသဘောလုပ်ကိုင်နေရာကနေ ကိုဗစ်မတိုင်ခင်က ဒီလို ဆိုင်လေးဖွင့်နိုင်ဖို့ ကြိုးစားလုပ်ကိုင်ရင်း ၂၀၂၁ က မှ ဖွင့်ဖြစ်တာပါ ။ ဖွင့်ထားတာ တစ်နှစ်တောင်မပြည့်သေးပါဘူး” ဟု Farm မှ တာဝန်ရှိသူ အမျိုးသမီးက ရှင်းပြသည်။
အပန်းဖြေစခန်းသဘောမျိုးမဟုတ်ဘဲ နို့စားနွားမွေးမြူရေးကိုလေ့လာရင်း ခြံထွက်အစားအသောက်များ မှာယူစားသောက်အနားယူလို့ရနိုင်မည့် မိသားစု Farm Side လေးတစ်ခုလည်း ဖြစ်သည်။
Farm တည်ထောင်သူ ဦးသန်းမြင့်သည် နွားမွေးမြူရေးကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၊ ဘီလူးကျွန်းဇာတိ မွန်တိုင်းရင်းသားတစ်ဦးလည်း ဖြစ်သည်။ ၁၉၇၄ ခုနှစ်ကတည်းက နွားမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတော်အဆင့်အကောင်းဆုံး နို့စားနွားမွေးမြူရေးထူးချွန်ဆုကို ရရှိခဲ့သူလည်း ဖြစ်သည်။
သို့သော် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းတွင်မတော့ ဦးသန်းမြင့် ကွယ်လွန်ခဲ့ရှာသည်။ ကျန်ရစ်သည့်မိသားစုဝင်များက ခြံကို ဆက်လက်လည်ပတ်နိုင်အောင်ကြိုးစားရင်း ဒေသစာ မွန်ရိုးရာ အစားအသောက်များနှင့် နွားနို့၊ ဒိန်ချဥ် အစရှိသည့် ခြံထွက်အစားအသောက်များကို လတ်လတ်ဆတ်ဆတ် ရောင်းချပေးနေသည်။
TM Farm Roadhouse တွင် ခြံထွက်နွားနို့စစ်စစ်များ သောက်သုံးနိုင်ရန်နှင့် အပန်းဖြေ အနားယူနိုင်ရန် အတွက် ထောက်ကြန့်မြို့ နွယ်ခွေစံပြကျေးရွာသို့ ကိုယ်ပိုင်ယာဥ်များဖြင့်လည်း လာရောက်လည်ပတ်ကြသလို၊ YBS ဖြင့်လာမည်ဆိုပါကလည်း နွယ်ခွေမှတ်တိုင်တွင် ဆင်းကာ ဆိုင်ကယ်ကယ်ရီဖြင့် ဝင်ရောက် လည်ပတ်နိုင်သည်။ Farm ဝင်ကြေးကို တစ်ထောင်ကျပ် သတ်မှတ်ထားပြီး ဓာတ်ပုံရိုက်ဝါသနာပါသူ လူငယ် လူရွယ်များ အများဆုံးလာရောက်လည်ပတ်ကြသည်ကိုလည်း တွေ့မြင်ရသည်။
ခရီးစရိတ်လည်း အထူးအထွေကုန်ကျမှုမရှိသလို YBS ဖြင့်ပါ သွားရောက်လည်ပတ်နိုင်သည့် အခြေအနေမှာ TM Farm အတွက် အားသာချက်ဖြစ်သလို ကုန်ကျစရိတ်သက်သက်သာသာဖြင့် သွားရောက်လည်ပတ်လိုသူများအတွက်လည်း ငွေကုန်ကြေးကျနည်းပါး၍ စိတ်ပြေလက်ပျောက်နေရာလေးတစ်ခုဖြစ်ကြောင်းလည်း ညွှန်းဆိုလိုပါသည်။