October 24, 2024

၁၇. ၅. ၂၀၂၃
Written by Peya

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် ကုန်ပစ္စည်းစျေးနှုန်းများ အဆမတန် မြင့်တက်နေ၍ ပြည်သူများ အခက်တွေ့နေကြကြောင်း ဒေသခံများကို MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုများအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်က ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံရသည့် မြို့အားလုံးလိုလိုတွင် ကုန်စျေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကာ အခြေခံစားသောက်ကုန်များသာမက အိမ်ကို ပြုပြင်ရန်အတွက် လိုအပ်သည့်ပစ္စည်းများပါ စျေးတက်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုက အိမ်မိုးမယ့် သွပ်ကို တစ်ပေကို သုံးထောင့်ခုနှစ်ရာ ဖြစ်နေတာ။ ဆယ်ပေဆိုရင် သုံးသောင်းခုနှစ်ထောင်လောက် ဖြစ်နေပြီ။ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး တက်နေတာ။ ပြီးတော့ ပိုက်ဆံပေးပြီး ဝယ်မယ် ဆိုရင်တောင် ရှာလို့မရဘူး။ တာလပတ်စ ဆိုရင်လည်း စျေးတွေ တက်နေတယ်။ ရှာမရဘူး။ စားကုန်ဆိုရင် စျေးတက်နေတာက ပြောတောင် မတတ်တော့ဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ဆန်စျေးမှာလည်း စျေးတက်နေကာ ပေါဆန်းမွှေးအသင့်အတင့် တစ်အိတ်ပင်လျှင် တစ်သိန်းကျော်အထိ စျေးပေါက်နေပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများ အားလုံးမှာ အချင်းချင်း ဝေမျှသင့်တင့်ကာ စားသုံးနေကြရသည့် အနေအထား ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အခုဆိုရင် အိမ်မှာ မိုးဖို့အတွက် သွပ်ရိုက်သံ ဝယ်တာတောင်မှ စျေးက အရင်ထက် မမှန်းနိုင်တဲ့ ပမာဏအထိတောင် တက်နေတာ” ဟု မင်းပြားမြို့ခံ တစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *