October 25, 2024

၁၇. ၅. ၂၀၂၃
Written by Peya

မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေအောက်ငါးပေခန့်သာနက်သည့် မြေအောက် ရေလှောင်ကန်အတွင်း ဆင်းမိ၍ အမျိုးသား ၁ ဦး အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံက မေလ ၁၇ ရက်တွင် သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ ၂၃လမ်း၆၃/၆၄ ကြားက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် မေလ ၁၇ ရက် နံနက်ပိုင်း ၉ နာရီ ၁၀ မိနစ် အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရကာ ၎င်းမှာ မြေအောက်ကန် ကွန်ကရစ်လောင်းစဥ်က ပုံသွင်းခဲ့သည့် သစ်သားပြား(ပုန်ပြား) များ ဆင်းဖြုတ်စဥ် အောက်ဆီဂျင်ပြတ်၍ မူးလဲသူကို ဆင်း၍တွဲချိန် ဆင်းတွဲသူပါမူးလဲခဲ့ပြီး ထိုသူမှာသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ်ခန့် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

“ငါးပေလောက်နက်တဲ့ ရေကန်ကို ကွန်ကရစ်လောင်းထားတာပေါ့နော်။ အဖုံးဖွင့်ပြီးတော့ အထဲမှာ ပုန်ပြားတွေ ရှိတယ်။ ကွန်ကရစ်လောင်းတဲ့ ပုန်ပြားတွေလေ။ အဲ့ဒါကို ဆင်းဖြုတ်တာ။ တစ်ယောက်က မူးပြီး သတိလစ်သွားတော့ နောက်တစ်ယောက်က သူ့ကို ဆင်းပြီးတော့ ဆွဲတဲ့ အချိန်မှာ ဆွဲတဲ့သူက အောက်ထဲတင် လုံးဝ မှောက်ကျပြီးတော့ ဆယ်မရဘူး ဖြစ်တာ။ နှစ်ယောက် ဖြစ်တာမှာ နောက်ဆုံး ဆင်းဆယ်တဲ့သူက ဆုံးသွားတာပါ” ဟု ၎င်းက ဆိုသည်။

ပထမဆုံးဆင်းပြီး အောက်ဆီဂျင် ပြတ်သွားသော လူနာကို လက်ရှိတွင် အောက်ဆီဂျင် ပေးထားကာ အသက်အန္တရာယ် စိုးရိမ်ရန် မရှိတော့ကြောင်းလည်း ၎င်းက ဆိုသည်။

“အဖုံးကို ဖွင့်ပြီး ချက်ချင်း ဆင်းတော့ အဲ့ဒီလို ဖြစ်သွားတာ” ဟု ၎င်းက တာာဝန်ရှိသူက ဆိုသည်။

အဆိုပါ ရေလှောင်ကန်မှာ မြေအောက်တွင် ထားသည့် ကန်အမျိုးအစားဖြစ်ကာအောက်ဆီဂျင်ပြတ်သည့် ဒုတိယလူကို ဆယ်ကာ အောက်ဆီဂျင်ပေးပြီး ရှေးဦးသူနာပြုခြင်းကို လုပ်ပေးခဲ့သော်လည်း မမီတော့ကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *