October 25, 2024

၁၇. ၅. ၂၀၂၃
Written by Peya

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နိုင်ငံရေးပါတီ အရေအတွက်မှာ ၁၆ ပါတီအထိ ရှိလာပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

မေလ ၁၇ ရက်အထိ နောက်ဆုံး ထုတ်ပြန်ခဲ့သော မှတ်ပုံတင်ခွင့်ပြုသည့် နိုင်ငံရေးပါတီမှာ ၂ ပါတီဖြစ်ပြီး အဆိုပါ ပါတီ ၂ ခုမှာ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)တို့ ဖြစ်သည်။

“ပါတီ မှတ်ပုံတင်ခွင့်ပြုတိုင်းကို သတင်းစာထဲမှာ ထည့်ပေးပါတယ်။ ဥက္ကဋ္ဌကြီး လက်မှတ်နဲ့လေ။ သတင်းစာထဲကို ကြည့်ရင် သိရပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိ ခွင့်ပြုပေးထားသည့် နိုင်ငံရေး ပါတီ ၁၆ ပါတီထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိသည့် အနက် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)နှင့် ဒီမိုကရက်တစ်ပါတီ အပါအဝင် အဖွဲ့အစည်း ၅ ခုကို ပါတီ တည်ထောင်ခွင့် ပြုထားကာ ကျန်အဖွဲ့အစည်း ၈ ဖွဲ့ အနက် ဝံသာနုပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားသည်။

ပါတီ တည်ထောင်ခွင့် ရပြီဖြစ်သည့် အဖွဲ့အစည်း ၅ ခု အနက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာပြီး အဆိုပါ ပါတီကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

“ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုတယ်ပေါ့နော်။ နောက်ဆက်တွဲက ဘာလုပ်ရမလဲဆိုတော့ ပါတီအင်အားစာရင်းရယ်၊ အမှုဆောင်စာရင်းရယ် ပေးပို့ဖို့ပေါ့။ သူတို့ တောင်းဆိုတဲ့ အချက်အလက်ကို အရင်ဆုံး ဖြည့်စွက်ပြီး ပို့ဖို့ လုပ်နေပါတယ်”ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ အတွင်းရေးမှူး-၂ ဦးစောခွန်ကျော်ဝင်းက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *