October 25, 2024

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများ ကြီးကြပ်စိစစ်နေမှုကို တွေ့ရစဥ် (Photo-MOALI)

၁၇. ၅. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများသို မိုးရာသီစိုက်ပျိုးချိန်အမီ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်မှစတင်၍ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြေညာထားသည်။

‌တောင်သူလယ်များအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ ထုတ်ချေးပေးလျက်ရှိပြီး ယခင်နှစ်များနည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

“ကိုယ့်မြို့နယ်နဲ့ကိုယ်ကျတော့ စုပြီးတော့ ဘယ်နေ့ဘယ်ရက် ငွေထုတ်မယ်ဆိုတာကို အလှည့်နဲ့ အဲဒီလိုသွားတာပေါ့။ အကြွေးကျန်မရှိတဲ့သူတွေကို နောက်ထပ်လိုချင်ရင် နှစ်သိန်းထပ်ချေးမယ်။ အကြွေးကျေထားတဲ့သူတွေ အဓိကအပြစ်ဒဏ်ကြေးမရှိတဲ့သူတွေကို သပ်သပ်ကုမ္ပဏီတစ်ခုပဲပြောပါတော့။ အစိုးရနဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ပြီးတော့ပေါ့။ ဒါကလည်း ချက်ချင်းကြီးတော့ မဟုတ်သေးပါဘူး။ အစည်းအဝေးမှာ အခုမှပြောရုံရှိသေးတယ်” ဟု ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ နှစ်စဥ်ချေးငွေထုတ်ချေးနေသည့် လယ်သမားတစ်ဦးက ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေအပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ် ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *