October 25, 2024

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးရရှိကာ အနိုင်ရရှိခဲ့သော Move Forward Party (MFP) ၏ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် က သတင်းထောက်များအား မေလ ၁၅ ရက်က တွေ့ဆုံစဉ်

◾️ အထက်လွှတ်တော်အမတ်များက MFP ၏ကြိုးပမ်းမှုအပေါ် လိုလိုလားလား လက္ခဏာမပြကြသေး

၁၇. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးရရှိကာ အနိုင်ရရှိခဲ့သော Move Forward Party (MFP) ၏ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် အနေဖြင့် အခြားသောမိတ်ဖက်ပါတီ ငါးပါတီနှင့်ပူးပေါင်းကာ ၎င်းကဝန်ကြီးချုပ်အဖြစ်ဦးဆောင်၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ဒုတိယအများဆုံးရရှိခဲ့သော ဖျူထိုင်း ပါတီအပါအဝင် အခြားသော ပါတီငါးခုနှင့် ပူးပေါင်းခဲ့သော်လည်း ၎င်းတို့၏ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် လိုအပ်သော အမတ်နေရာ ၃၇၆ နေရာကို မပြည့်မီဘဲ ၃၀၉ နေရာအထိသာရရှိသေးသည်။ ထို့ကြောင့်လည်း MFP ပါတီအဖို့ အခြားမိတ်ဖက်ပါတီများကို စည်းရုံးနေရသကဲ့သို့ပင် အထက်လွှတ်တော်အမတ်များ၏ထောက်ခံမှုကို ရရှိနိုင်ရေး စည်းရုံးသိမ်းသွင်းနိုင်ရန် အရေးကြီးလာလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်ဖွဲ့ရေးအတွက် အထက်လွှတ်တော်အမတ် ၂၅၀ နှင့် အောက်လွှတ်တော်အမတ် ၅၀၀ တို့ ပေါင်း၍ ဝန်ကြီးချုပ်ရွေးချယ်ရာတွင် အနည်းဆုံးအမတ် ၃၇၆ ဦး၏ထောက်ခံမှုကို ရရှိရန်လိုအပ်သည်ဟု ပြဌာန်းထားသည်။ ၎င်းက ပီတာအဖို့ မိတ်ဖက်ပါတီများမှသာမက အခြားသောပါတီများနှင့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံအတည်ပြုမှုကိုပါ လိုအပ်နေသည်ဟု ဖော်ပြခြင်းလည်းဖြစ်သည်။

MFP ပါတီ၏ အတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသုန် ကမူ ပါတီအနေဖြင့် အထက်လွှတ်တော်အမတ်များတွင် ရှိနိုင်သော စိုးရိမ်မှုများလျော့ပါးသွားစေရန် ညှိနှိုင်းဆွေးနွေးမှုများပြုသွားမည်ဖြစ်ကြောင်း၊ ထိုစိုးရိမ်မှုများက အခြေအမြစ်မရှိသည်များလည်းဖြစ်ကောင်းဖြစ်နိုင်ရာ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြေလည်နိုင်ကြောင်း ပြောခဲ့သည်။

အထက်လွှတ်တော်အမတ်များကလည်း MFP ပါတီခေါင်းဆောင် ပီတာအား လာမည့်အစိုးရအဖွဲ့သစ်၏ ဝန်ကြီးချုပ်အဖြစ် ထောက်ခံအတည်ပြုရေးအပေါ် ထင်မြင်ချက်အမျိုးမျိုးပေးလျက်ရှိကြသည်။ အထက်လွှတ်တော်အမတ် ပီရတ်ဆက် ပေါဂျစ်က လွှတ်တော်တွင် ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုအမည်တင်သွင်းနိုင်ရန် ဖွဲ့စည်းပုံအရရှိရမည့် လုံလောက်သော အမတ်အရေအတွက်ရရှိရေး ပါတီများကို စည်းရုံးရန်လိုကြောင်း ပြောခဲ့သည်။

အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျက်ဆီရာတရာနွန့် ကလည်း “ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် ပြည်သူတွေက အမတ်နေရာ အများဆုံးရတဲ့ ပါတီနှစ်ခုဖြစ်တဲ့ MFP နဲ့ ဖျူထိုင်းပါတီတို့က ဝန်ကြီးချုပ်အဆိုပြုမယ့်သူတွေအတွက် အထက်လွှတ်တော်အမတ်တွေကို မဲပေးဆုံးဖြတ်ပေးချင်တာပဲလို့ ဆိုချင်တယ်။ တကယ်လို့ မဲအများဆုံးရပါတီအနေနဲ့ သူ့ပါတီရဲ့ အဆိုပြုချက်မအောင်မြင်ခဲ့ရင် ဒုတိယမဲအများဆုံးရပါတီက အလားတူအခွင့်အရေးရမှာဖြစ်တယ်” ဟု ပြောခဲ့သည်။

အခြားသောအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဝယ်လော့ တန်ကာနာနူရတ် က လွှတ်တော် အမတ် ၂၅၀ ထက်ပို၍ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်သူဖြစ်က မည်သည့်ပါတီမှမဆို ဝန်ကြီးချုပ်အဖြစ် အဆိုပြုလာလျှင်ထောက်ခံမည်ဖြစ်ကြောင်း၊ သို့သော် MFP က လွှတ်တော်တွင် ဝန်ကြီးချုပ်ရွေးချယ်ရေးအတွက် အထက်လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာကိုဖယ်ရှားနိုင်ရန် ကြိုးစားခဲ့ခြင်းအပေါ်  စဉ်းစားရကျပ်မိကြောင်း ပြောခဲ့သည်။

ဂျာဒက်အင်ဆာဝန် အမည်ရှိ လွှတ်တော်အမတ်ကမူ ပီတာအားဝန်ကြီးချုပ်အဖြစ်အဆိုပြုလာလျှင် ၎င်းက ထောက်ခံမည်မဟုတ်ကြောင်း၊ ပီတာက ဖွဲ့စည်းပုံ ပုဒ်မ ၁၁၂ ရှိ နိုင်ငံတော်ပုန်ကန်မှုနှင့် ပတ်သက်သောအပိုဒ်ကို ဖယ်ရှားရန်ကြိုးပမ်းခဲ့မှုအား လုံးဝလက်မခံကြောင်းပြောခဲ့သည်။

ထို့ကြောင့်လည်း အထက်လွှတ်တော်အမတ်အများအပြားက ပီတာအား ဝန်ကြီးချုပ်အဖြစ် ထောက်ခံအတည်ပြုရန် များစွာလိုလိုလားလားမရှိကြခြင်းကို ထုတ်ဖော်ပြနေခဲ့ခြင်းဟု သုံးသပ်ရပေသည်။

တစ်ချိန်တည်းတွင် ၎င်းက အာဏာရလာလျှင် ဘုရင်စနစ်အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဟုပြောခဲ့ပြန်ရာ ရှေးရိုးစွဲဝါဒီများအနေဖြင့် ၎င်းအားထောက်ခံပါမည်လား တွေးတောဖွယ်ရာဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရအဖွဲ့သစ်ဖွဲ့နိုင်ရေး MFP ၏ကြိုးပမ်းမှုမှာ မရေမရာ ဖြစ်နေရသေးသည်ဟုသာ ဆိုရပေမည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *