October 25, 2024

၁၇. ၅. ၂၀၂၃
Written by Peya

ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ရရှိသော ရွှေတံဆိပ်ဆုများမှာ ဧည့်သည့်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲများအနက် ဆယ်စုနှစ်လေးခုကျော်အတွင်း အများဆုံး ပြန်လည်ရရှိခြင်းဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ်(၂၅)ခုနှင့် ကြေးတံဆိပ် (၆၈)ခု စုစုပေါင်းဆုတံဆိပ်(၁၁၄)ခု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

“၁၉၈၁ ဖိလစ်ပိုင် ဆီးဂိမ်းစ် နောက်ပိုင်းမှာပေါ့။ ၁၉၇၉ အင်ဒိုနီးရှားမှာက ရွှေ ၂၆ ခု ရတာကိုး။ ၁၉၈၁ ခုနှစ်က ၁၅ ခုပဲ ရခဲ့တာ။ ကျန်တဲ့ဟာတွေ ၁၈ ခု၊ ၁၃ ဆိုတာက ကျလာတာ။ ၂၀၀၁ မလေးရှား ဆီးဂိမ်းစ်မှာ ၁၉ ခု ရတယ်။ ၁၉၈၁ ခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်းစ်နောက်ပိုင်း အိမ်ရှင် ဆီးဂိမ်းစ်က လွဲလို့ ဒါက အများဆုံးရတာ။ ၄၂ နှစ်နှစ်အတွင်းမှာ ဒါဟာ ဆုတံဆိပ်အများဆုံး ပြန်လည်ရရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

၁၀ လနီးပါးခန့် ကစားသမားများကို စခန်းသွင်း လေ့ကျင့်နိုင်ခဲ့ပြီး အဆိုပါ ကာလအတွင်း နိုင်ငံတော်အဆင့်အနေဖြင့် အထောက်အပံ့ပေး ပံ့ပိုးခဲ့ကာ ပြည့်ပြည့်စုံစုံ ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည့်အတွက် ထိုက်တန်သော အောင်မြင်မှုကို ရရှိခဲ့သည်ဟု ပြောလိုကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က စည်းကမ်းတကျနဲ့ လေ့ကျင့်တယ်။ တာဝန်ရှိသူတွေကလည်း အမြဲမပြတ် ဖိဖိစီးစီး အားပေးတယ်။ အဖွဲ့ချုပ်က ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကလည်း အခါမလပ်လာကြည့်တယ်။ ထောက်ပံ့ငွေ ပေးတယ်။ အားပေးစကားပြောပေးတယ်။ ပူးပေါင်းဆောင်ရွက်တဲ့အတွက် အောင်မြင်တာပါ။ ကစားသမားတွေကလည်း သူတို့ကို ပိုးမွေးသလို တာဝန်ရှိသူတွေက အမြဲတမ်း ကြည့်ရှုနေတဲ့အတွက် သူတို့ အားထည့်လို့ အခုလို အောင်မြင်မှု ရတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *