October 25, 2024

၁၇. ၅. ၂၀၂၃
Written By Thandar

ရခိုင်ပြည်နယ်က အဆိုတော်တစ်ဦးဖြစ်တဲ့ တေးသံရှင် ဖိုးဇော်နဲ့အတူ ခုနှစ်ရက်သားသမီးတွေ စုပေါင်းအလှူငွေတွေနဲ့ ရခိုင်ပြည်နယ် မိုခါမုန်တိုင်း ဘေးသင့်ပြည်သူတွေကို မေလ ၁၇ ရက်မှာ သွားရောက်လှူဒါန်းနေတယ်လို့ MT News ကိုပြောပါတယ်။

“ကျွန်တော်တို့ ရခိုင်က မိုခါမုန်တိုင်းဘေးဒဏ်ထိတဲ့နေရာတွေ လှူဒါန်းဖို့ အဖက်ဖက်က ဝိုင်းဝန်း လှူဒါန်းကြပါတယ်။ မနေ့က ကျပ်သိန်း ၁၀၀၀ အထိ အလှူငွေရခဲ့ပါတယ်။ တပ်မတော်လေယာဥ်နဲ့ ကျွန်တော်တို့သွားကြတာပါ။ စစ်တွေမြို့က တော်တော်လေးကို ပျက်စီးနေပါပြီ။ အိမ်တိုင်းလိုလို ပျက်စီးသွားတာပါ။ ဆုံးရှုံးမှုတွေကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ အမျိုးထဲက အိမ်ကိုစောင့်နေတဲ့ တစ်ယောက်တော့ ပါသွားပါတယ်။ အသက်ကြီးပိုင်း တစ်ယောက်ပါသွားပါတယ်။လက်ရှိအချိန်မှာ အလှူရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်”လို့ တေးသံရှင် ဖိုးဇော်က MT News ကို ပြောပါတယ်။

အနုပညာရှင်တချို့၊ ခုနှစ်ရက်သားသမီးတွေရဲ့ စုပေါင်းအလှူငွေ ကျပ် သိန်း ၁၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ မိုခါမုန်တိုင်းဘေးသင့် ပြည်သူတွေကို မိသားစုတစ်အိမ်ထောင်ကို ကျပ် ၂ သိန်း၊ အစားအသောက်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ လက်ဖက်‌‌ခြောက် စတဲ့ ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုပါ လှူဒါန်းမယ်လို့ သိရပါတယ်။

“အခုချိန်မှာ ခိုကိုးရာမဲ့ဖြစ်နေတာ အခက်အခဲပေါင်းစွာနဲ့ ဒုက္ခတွေ့နေကြတယ်။ ဒီမှာက မီးမရ ၊ ဖုန်းလိုင်းတွေ မရတဲ့အတွက် ဆက်သွယ်ရခက်ခဲတာတွေရှိတယ်။ ရေကလည်း မရတော့ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်မှာကို ကျွန်တော်ကတော့ စိုးရိမ်မိတာပါ။ ဒီနေ့ တပ်မတော်လေယာဥ်နဲ့ ၄၇ ယောက်သွားခဲ့တာပါ။ အနုပညာရှင်တွေဖြစ်တဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ကိုစိုးသူတို့ ရဲအောင်တို့လည်း လာရောက်အားပေးပြီး လိုအပ်တာတွေ လှူဒါန်းကြလို့ ပီတိဖြစ်ရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ လေယာဥ်လမ်းကြောင်းဟာ မေလ ၂၂ ရက်အထိ ပိတ်ထားတဲ့အတွက် သူတို့ဟာ တပ်မတော်လေယာဥ်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်းခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ Internet Line ပြတ် တောက်နေသလို ဖုန်းလိုင်းတွေလည်းမရ၊ မီးလည်းမရ၊ ရေလည်းအခက်အခဲဖြစ်နေပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်မှာ စိုးရိမ်နေရတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်က ဆရာတော်အသျှင်ကုမာရ်ဆီမှာလည်း ပြည်တွင်းပြည်ပက အလှူရှင်တွေ လာရောက်ပူးပေါင်း လှူဒါန်းဖို့ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *