October 25, 2024

◾ ပရာယွတ်က ၎င်း၏အနာဂတ်နိုင်ငံရေးအပေါ် ဖြေ‌ကြားခြင်းမပြုဘဲ ဆိတ်ဆိတ်နေ

MT News

Translated by Htwe Ko Tun

မေလ ၁၄ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်း၏ပါတီရှုံးနိမ့်ခဲ့၍ ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရပြီဖြစ်သော ပရာယွတ် ချန်အိုချာက မေလ ၁၆ ရက်တွင် ကြားဖြတ်အစိုးရ၏အစည်းအဝေးကို နာယကအဖြစ် ကျင်းပခဲ့ပြီးနောက် ၎င်း၏အနာဂတ်တွင် နိုင်ငံရေးလောကနှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကိုမူ ဖွင့်ဟမပြောကြားဘဲ နှုတ်ဆိတ်နေခဲ့ကြောင်း သိရသည်။

သတင်းထောက်များက ၎င်းအားနိုင်ငံရေးလောကမှ အနားယူတော့မည်လောဆိုသည့် မေးခွန်းအား ပရာယွတ်က ပြုံးလျက်ပင် “’ဒါနဲ့ ပတ်သက်လို့ ပြောစရာမရှိပါဘူး” ဟုသာ ဖြေကြားသွားခဲ့သည်။

၎င်းအနေဖြင့် United Thai Nation Party ကို ဆက်လက်ဦးဆောင်လျက် တိုက်ပွဲဝင်သွားမည်လော ဆိုသည့် သတင်းထောက်များ၏ မေးခွန်းကိုလည်း ပရာယွတ်က တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။

သတင်းထောက်များက ယခင်အတိုက်အခံပါတီဖြစ်သော ဖျူထိုင်းပါတီက ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော ပရာယွတ်နှင့် ၎င်းကို ထောက်ခံသောပါတီများနှင့်လက်တွဲကာ ရွေးကောက်ပွဲနိုင် Move Foeward Party ကို အထီးကျန်ဖြစ်စေရန်ဆောင်ရွက်ကြမည်ဆိုလျှင် ဖြစ်နိုင်မည်လောဟု မေးမြန်းရာတွင်လည်း ၎င်းက ပြန်လည်ဝေဖန်ပြောကြားမှုမပြုဘဲ ဆိတ်ဆိတ်သာနေခဲ့သည်ဟုဆိုသည်။

ကြားဖြတ်အစိုးရ အစည်းအဝေးကို ဝန်ကြီးချုပ်ရုံး၌ ကျင်းပအပြီးတွင်မူ ပရာယွတ်က သတင်းထောက်များနှင့် ပြည်သူလူထုအား နှုတ်ဆက်စကားပြောကြားကာ ၎င်း၏ အစိုးရက တာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ မကြာမီကာလတွင် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး အကောင်းဆုံးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ပရာယွတ်က ၎င်းနှင့် ၎င်း၏ အစိုးရအား လွန်ခဲ့သောနှစ်များအတွင်းစိတ်ဓာတ်ရေးရာအရ အထောက်အပံ့ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် မေလ ၁၄ ရက်ရွေးကောက်ပွဲတွင် မဲပေးခဲ့သူများကိုလည်းကျေးဇူးတင်‌ကြောင်းနှင့် အနိုင်ရရှိသောပါတီများကိုလည်း ဂုဏ်ပြုပါကြောင်း ပြောခဲ့သည်။

၎င်းက အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးလုပ်ငန်းစဉ်အတွက်လည်း ဝမ်းသာမိပါကြောင်းပြောခဲ့သည်။ ပရာယွတ်က “အစိုးရသစ်ဖွဲ့စည်းနိုင်ရေးလုပ်ငန်းစဉ်အတွက် ဝမ်းသာပါတယ်။ ထိုင်းပြည်သူတွေအနေနဲ့ စည်းလုံးညီညွတ်မှုကိုမြှင့်တင်ပြီး နိုင်ငံကို ပဋိပက္ခမရှိဘဲ အေးချမ်းတည်ငြိမ်အောင်ကြိုးစားကြပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက်လက်တွဲကြိုးစားကြပါ။ ဒါကလည်း နိုင်ငံရဲ့ လုံခြုံရေး၊ ချမ်းသာကြွယ်ဝရေးနဲ့ သယံဇာတတွေ မပြုန်းတီးရေးအတွက်ပါ။ နိုင်ငံဖွံ့ဖြိုးမှုနဲ့ အနာဂတ်မျိုးဆက်တွေအတွက် ထိုင်းနိုင်ငံရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းတွေလုံခြုံမှုကိုထိန်းသိမ်းကြပါ” ဟု ပြောကြားသွားခဲ့သည်။

၎င်းအား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းထပ်မံတင်သွင်းထားသော ၎င်း၏ United Thai Nation Party က ရွေးကောက်ပွဲတွင် စုစုပေါင်းအမတ်နေရာ ၃၆ နေရာသာရကာ ပဉ္စမနေရာကို ရခဲ့သည်။

Ref– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *