MT News
အလွန့်အလွန်အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မေလ ၁၅ ရက် ညပိုင်းအထိ စာရင်းများအရ ပြည်သူ ၂၁ ဦးသေဆုံးပြီး စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် သာသနိကဌာန စသည့် အဆောက်အအုံ ၁၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးထားကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် မေ ၁၅ ရက်ညအထိ စာရင်းများအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၁ ခု တို့တွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ ရပ်ကွက်/ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား ဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးပျက်စီးမှုများ ထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း သတင်းရရှိသည်။