၁၇. ၅. ၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ မေလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အိုက်ရီ၊ အိုက်ရီဖောင်း၊ အိုက်စိုင်း၊ ဇင်မိုးခန့် နှင့် နိုင်လင်းအောင်တို့ ၅ ဦးအား မော်တော်ဆိုင်ကယ် ၃ စီးနှင့်အတူတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၅ ကီလို စတင်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် သတင်းကွင်းဆက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းလုံတစ် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) ၅ ဒသမ ၄၉ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် စိုင်းလုံတစ် နေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိနေအိမ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၃၆ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၁၂၆ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
သို့ဖြစ်၍ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။