၁၆. ၅. ၂၀၂၃
Written by Peya
စစ်တွေတွင် မိုခါ မုန်တိုင်းတိုက်ခတ်ခဲ့သည့်အတွက် ၉၀ ရာခိုင်နှုန်းနီးပါး အပျက်အစီး ကြုံခဲ့ရသည့်အပြင် လျှပ်စစ်မီးလာရန်အတွက်လည်း အချိန်ယူရမည့် အနေအထားရှိကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေရှိ အိမ်အားလုံး နီးပါးမှာ အမိုးလန်ခြင်းကို ကြုံတွေ့ရပြီး မေလ ၁၅ ရက်က ပြန်လည်နေထိုင်ခြင်းမျိုး ရှိနေကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်တွေမြို့အခြေအနေက ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ အကုန်လုံးက အိမ်ခေါင်မိုးတွေ မရှိတော့ဘူး။ လျှပ်စစ်မီးတိုင်တွေလည်း မရှိတော့ဘူး။ ကမ်းနားလမ်းလည်း စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်မှာထားတဲ့ ထိုင်ခုံက ဒီဘက်ရောက်ပြီး ဒီဘက်မှာထားတဲ့ အုတ်ရိုးတွေလည်း ပြိုသွားတယ်။ လောလောဆယ်မှာ လူတွေက နေစရာမရှိဘူးဖြစ်နေတယ်။ ကျွန်တော် ပတ်ကြည့်တော့ မိန်းမကြီးတစ်ယောက်က သူ့သားသမီးတွေ စားစရာမရှိလို့ လက်ဆွဲပုံးတစ်ပုံး ဆွဲပြီး တောင်းနေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မုန်တိုင်းဒဏ်သင့် စစ်တွေမြို့အတွက် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများက လိုအပ်သည့်ကူညီမှုများ ပြုလုပ်ခြင်း၊ အပျက်အစီး ရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
“တစ်မြို့လုံး မီးပေးဖို့အတွက် ကြိုးစားမယ်ဆိုရင်လည်း လပိုင်း အချိန်ယူရမယ် ထင်တယ်။ လျှပ်စစ်ဓာတ်အားပေး ရုံးတောင် ထိခိုက်သွားတယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ဆိုသည်။