၁၆. ၅. ၂၀၂၃
Written by Pan Ei
ရုရှားနိုင်ငံ၏ Almaz-Antey လုပ်ငန်းစုသည် လျှပ်စစ်ကားမော်ဒယ်သစ်များဖြစ်သည့် L-type လျှပ်စစ်မိုက်ခရိုကားများကို စတင်ထုတ်လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
“အသေးစား L-type ကားတွေကို ထုတ်လုပ်သွားမှာပါ။ ကားမိတ်ဆက်ပွဲကို မေလ ၂၅ ရက်မှ ၂၆ ရက်အထိ တိုယိုတာစက်ရုံဟောင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ကားရဲ့ ပထမနမူနာပုံစံကိုလည်း ပြသထားမှာပါ။ ကားအစီးရေအနေနဲ့ကတော့ ၁၀၀၀၀ ကနေ ၁၄ဝဝဝ လောက်အထိ ထုတ်လုပ်သွားဖို့ရှိပါတယ်” ဟု တာဝန်ရှိသူမှ ပြောကြားခဲ့သည်။
ဘက်ထရီအမြန်ဖြည့်နိုင်သည့် L-type လျှပ်စစ်မိုက်ခရိုကားသည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီကို ၉၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး တစ်ကြိမ်အားသွင်းလျှင် ၁၈၃ ကီလိုမီတာအထိ ခရီးနှင်နိုင်မည် ဖြစ်သည်။
အဆိုပါကားများကို အသုံးပြုရန်ရည်ရွယ်ထားသည့်နေရာများမှာ ဂိုဒေါင်မှ ဖောက်သည်ထံသို့ ပစ္စည်းများပို့ဆောင်ခြင်း၊ ဆေးဘက်ဆိုင်ရာ ကွန်ရက်များတွင် အသုံးပြုခြင်းအပြင် မြို့တွင်း ဝန်ဆောင်မှုများတွင် အသုံးပြုခြင်း စသည်တို့အတွက် ဖြစ်သည်။
ဘတ္တရီကားထုတ်လုပ်မှု ပထမအဆင့်အဖြစ် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်လျှင် ကားအစီးရေ ၂ဝဝဝ ထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၉ ခုနှစ်အထိ တစ်နှစ်လျှင် အစီးရေ ၁၀၀၀၀ မှ ၁၂ဝဝဝ အထိ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
Ref; Social Bites