၁၆. ၅. ၂၀၂၃
Written by Pan Ei
နိုင်ဂျီးရီးယား စားဖိုမှူး Hilda Effiong Bassey ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးပမ်းမှုအဖြစ် နာရီပေါင်း ၁၀၀ ကြာ အဆက်မပြတ် မရပ်မနား ချက်ပြုတ်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ Hilda Baci လို့လူသိများတဲ့ စားဖိုမှူးဟာ ကြာသပတေးနေ့(မေလ ၁၁ ရက်) ကနေ တနင်္လာနေ့( မေလ ၁၅ ရက်) အထိ ချက်ပြုတ်ခဲ့တာဖြစ်ပြီး ချုပ်ပြုတ်နည်းပေါင်း ၅၅ ခုကျော်နဲ့ အစားအစာ ၁၀၀ ကျော်ကို ဖန်တီးကာ မီးဖိုချောင်ထဲမှာ အကောင်းဆုံး နိုင်ဂျီးရီးယားအစားအစာတွေကို ဖန်တီး ချက်ပြုတ်ခဲ့ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန် ကော်မတီဟာ သူတို့ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်းနဲ့ Bassey စံချိန်ကို အတည်ပြုဖို့တော့ လိုအပ်နေပါသေးတယ်။
၂၀၁၉ ခုနှစ်က အဆက်မပြတ် ချက်ပြုတ်ချိန် ၈၇ နာရီ ၄၅ မိနစ်နဲ့ စံချိန်တင်ခဲ့တဲ့ အိန္ဒိယ စားဖိုမှူး Lata Tondon ကလည်း Basseyရဲ့ စံချိန်တင်ဖို့ ကြိုးပမ်းမှုမတိုင်ခင်မှာ အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပါသေးတယ်။
အာဖရိကအစားအစာဈေးကွက်နဲ့ နိုင်ဂျီးရီးယားအစားအစာတွေကို ပိုမိုကျယ်ပြန့်စေချင်တဲ့ စိတ်နဲ့ စံချိန်တင်ဖို့ ကြိုးစားမှုခဲ့တဲ့ Bassey ရဲ့ ဟင်းချက်နေတဲ့အချိန်အတွင်း ဂီတပညာရှင် Tiwa Savage နဲ့ ဒေသခံနိုင်ငံရေးသမားတွေ အပါအဝင် နာမည်ကြီးတွေက လာရောက်လည်ပတ်ခဲ့ကြပါသေးတယ်။
Bassey ဟာ ပထမနေ့မှာပဲ အရှုံးပေးလုနီးပါးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အရင်စံချိန်ကို ကျော်လွန်ပြီးတဲ့နောက်မှာတော့ နာရီ ၁၀၀ အထိ စံချိန်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပထမနေ့ကတော့ အခက်ခဲဆုံးပါပဲ။ ပထမ ၆ နာရီအတွင်းမှာ ကျွန်မ လက်လျှော့ချင်ခဲ့ပါသေးတယ်။ ခုတော့ ဒါတွေက အံ့သြစရာတစ်ခုလို ဖြစ်ခဲ့ရပြီး ကျွန်မလုပ်နိုင်ခဲ့ပါပြီ။ ထောက်ပံ့မှုတွေကလည်း မယုံနိုင်လောက်အောင်ပါပဲ” လို့ Bassey က ပြောပါတယ်။
Ref; CNN