၁၆. ၅. ၂၀၂၃
Written by Peya
ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် မြို့နှင့် အလှမ်းဝေးသည့် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတစ်ရွာတွင် အိမ်ခြေ ၅၀၀ ကျော် ပျက်စီးပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
အဆိုပါ ကျေးရွာမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာဖြစ်ကာ လက်ရှိတွင် တောင်ယာလုပ်ငန်းများမှာလည်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ရွာသားတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာ။ ပျက်စီးသွားတဲ့ အိမ်တွေကိုပြန်ပြီး ပြုပြင်ဖို့ အတွက်ကလည်း အကူအညီတွေ အများကြီးလိုနေတာ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ ကျေးရွာသည် ဒေသအခေါ် တောဖျားချောင်းဟု ခေါ်သည့် ဝေးလံဒေသ ကျေးရွာတစ်ရွာဖြစ်ကာ ဆက်သွယ်ရေး လိုင်းလည်း မရှိသည့်အပြင် မြို့ပေါ်တက်ရန်အတွက် တစ်ခုတည်းသော အားကိုးထားရသည့် လမ်းကြောင်းမှာ ရေလမ်းသာ ဖြစ်ကြောင်းလည်း သိရသည်။