၁၆. ၅. ၂၀၂၃
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်၏ လူဦးရေ ၄၅,၀၀၀ ကျော်ရှိသော ဖာမင်တန်မြို့တွင် အနည်းဆုံးသေနတ်သုံးလက်သယ်ဆောင်လာသော အသက် ၁၈ နှစ်အရွယ် သေနတ်သမားတစ်ဦးက ခြေဦးတည့်ရာလျှောက်သွားကာ မေလ ၁၅ ရက် နံနက် ၁၀ နာရီ ၅၇ မိနစ်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖာမင်တန်မြို့၏ ရဲတပ်ဖွဲ့အကြီးအကဲ စတိဗ် ဟက်ဘီက သေနတ်သမားသည် ၎င်းကိုယ်၎င်း ပြန်လည်ပစ်ခတ်၍ သတ်သေခြင်းမပြုမီ AR-style ရိုင်ဖယ်သေနတ်တစ်လက်အပါအဝင် အနည်းဆုံး သေနတ်သုံးလက်ဖြင့် ပစ်ခတ်မှုပြုခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူခြောက်ဦးတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ကြောင်း ပြောခဲ့သည်။
ဖာမင်တန်မြို့နေ ပြည်သူများအတွက် ဤဖြစ်ရပ်က ကြောက်မက်ဖွယ်အကောင်းဆုံး အဖြစ်ဆိုးတစ်ခု ဖြစ်ခဲ့ရပြီး စုံထောက်များက ပစ်ခတ်မှု၏အကြောင်းရင်းကို စုံစမ်းလျက်ရှိကာ သေနတ်သမား၏ မိသားစုကိုလည်းစစ်ဆေးမေးမြန်းနေကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
ထို့ပြင် ဟက်ဘီက ပစ်ခတ်မှုဖြစ်ပွားသောနေရာတွင် စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ စသည့် လူစုဝေးရာနေရာများနှင့် အခြားပုဂ္ဂလိကပစ်မှတ်တစ်စုံတစ်ရာလည်းမရှိကြောင်း ထို့ကြောင့်စီစဉ်ထားခြင်းမဟုတ်ဘဲ တွေ့ရာလူအားပစ်ခတ်ခြင်းဆိုသည်မှာပေါ်လွင်ကြောင်း၊ ပစ်ခတ်မှုမဖြစ်မီ သေနတ်သမားက ရပ်ကွက်အတွင်း နှစ်ဖာလုံခန့် လျှောက်သွားခဲ့သည်ဟုသံသယရှိကြောင်း၊ ပစ်ခတ်မှုကြောင့် အနီးရှိ အိမ်ခြောက်အိမ်နှင့် ကားသုံးစီးတိုလည်း အနည်းဆုံးထိမှန်ခဲ့ကြောင်း၊ သေနတ်သမားက ပစ်ခတ်မှုများပြုပြီးနောက် ၎င်း၏ ဦးခေါင်းကို ပြန်လည်ပစ်ခတ်သွားခဲ့ကြောင်းလည်း ပြောခဲ့သည်။
Ref—–USA Today