MT News
Translated by Htwe Ko Tun
ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုံးမုန်တိုင်း မိုခါ က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့အကြားမှ ရခိုင်ကမ်းရိုးတန်းကို မေလ ၁၄ ရက်တွင်ဖြတ်သန်း၍ ကုန်းတွင်းဝင်ရောက်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံအရှေ့တောင်ပိုင်း၊ ကော့ဘဇားကမ်းမြောင်ဒေသမှာလည်း ဆိုင်ကလုံးမုန်တိုင်း၏ သက်ရောက်မှုကြောင့် အပျက်အစီးအချို့ရှိခဲ့ကြောင်း သိရသည်။
သို့သော် ကော့ဘဇားဒေသတွင် ဆိုင်ကလုံးမိုခါဖြတ်သန်းအပြီး မေလ ၁၅ ရက်တွင်မူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပုံမှန်ဆောင်ရွက်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောခဲ့ကြသည်။ ကော့ဘဇားခရိုင်အတွင်း အိမ်ခြေ ၁၀,၀၀၀ ခန့်ထိခိုက်ပျက်စီးခဲ့သော်လည်း ၈,၀၀၀ ခန့်မှာ အနည်းငယ်(သို့မဟုတ်) တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းသာဖြစ်၍ ၂,၀၀၀ ခန့်မှာကြီးမားစွာပျက်စီးခဲ့သည်။ မေလ ၁၅ ရက်နံနက်တွင်မူ ကော့ဘဇာခရိုင်အတွင်း အိမ်များနှင့်လမ်းများ ထိခိုက်ပျက်စီးမှုများအား စတင်ပြင်ဆင်လျက်ရှိကြသည်။
လေကြောင်းပျံသန်းမှုခရီးစဉ်များ ယာယီရပ်ဆိုင်းထားခဲ့သော ကော့ဘဇားလေဆိပ်မှာလည်း အပျက်အစီးထိခိုက်မှုမရှိဘဲ မေလ ၁၅ ရက်နံနက်တွင် လေယာဉ်ပျံသန်းမှုများပြန်လည်ပြုလုပ်လျက်ရှိသည်။ ဆိုင်ကလုံး ဗဟိုစက်ဝန်းအတွင်းရောက်ရှိနေသော စိန့်မာတင်ကျွန်းအပါအဝင် တက်ကနက်ဖ်ဒေသများမှာလည်း အိမ်ခြေပျက်စီးမှုများသာ ရှိခဲ့ပြီး စိန့်မာတင်ကျွန်း၌ အိမ်ခြေ ၁,၂၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရသည်။
ယူခီယာနှင့်တက်ကနက်ဖ် နယ်များတွင် လူဦးရေတစ်သန်းနီးပါးရှိသည့် ဘင်္ဂါလီဒုက္ခသည်စခန်းများ၌ စုစုပေါင်း တဲအိမ် ၅,၀၀၀ ခန့် ဆိုင်ကလုံးကြောင့်ပျက်စီးခဲ့သော်လည်း လူသေကြေထိခိုက်မှုမရှိခဲ့ကြောင်း၊ ထိုဒုက္ခသည်စခန်းများ၌ ဝါးနှင့်တာပေါ်လင် ယာယီတဲနေအိမ်များ ၁၉၀,၀၀၀ ခန့်ရှိရာ ဆိုင်ကလုံး၏ပြင်းအားနှင့်နှိုင်းယှဉ်လျှင် ပျက်စီးမှုမှာ မပြောပလောက်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
Ref—- Dhaka Tribune