ရွှေမရခဲ့ပေမဲ့ ၁၈ နှစ်ကြာ ဝေးကွာနေတဲ့ ငွေတံဆိပ်ဆု ပြန်ယူပေးခဲ့တဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်း
MT News
Written by Thettant
ဘယ်အသင်းမှ သုံးကြိမ်ထက်ပိုပြီး ရွှေမရဖူးသေးတဲ့ စံချိန်ကို ချိုးဖျက်ဖို့ ကြိုးစားလာတဲ့ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ဆီးဂိမ်းစ်သမိုင်းတစ်လျှောက် ငွေဆုပဲ အမြင့်ဆုံးရဖူးတဲ့ သမိုင်းကို ချိုးဖျက်ဖို့ ရွှေရဖို့ကြိုးစားမဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့ အားပြိုင်ပွဲမှာတော့ ဗီယက်နမ်အမျိုးသမီးအသင်းဟာ မြန်မာအမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ၈ ကြိမ်မြောက် ရွှေဆုရယူသွားခဲ့ပါတယ်။
မနေ့က ဗီယက်နမ်အမျိုးသမီးနဲ့ ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်အသင်းကို အဘက်ဘက်က မယှဥ်နိုင်ခဲ့သလို ဒဏ်ရာပြဿနာရှိနေတဲ့ တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းကို ထည့်သွင်းကစားခဲ့တာကလည်း မှားယွင်းတယ် ပြောရမှာပါ။
မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ဗီယက်နမ်အသင်းရဲ့စိတ်ကြိုက်လွှမ်းမိုးမှုအောက် တစ်ချိန်လုံးရောက်နေခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံးမှာ မေသက်မွန်မြင့်ရဲ့ တိုင်ထိထွက်ခဲ့တဲ့ ကန်ချက်တစ်ခုကလွဲရင် ဗီယက်နမ်အမျိုးသမီးအသင်းကို မတားဆီးနိုင်ခဲ့လို့ ပိုကောင်းတဲ့အသင်းက ရွှေဆုရသွားတယ်ဆိုတာတော့ လက်ခံရတော့မှာပါ။
ဗီယက်နမ်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ Huyh Nhu နဲ့ ပွဲချိန် ၇၅ မိနစ်မှာ Thanh Nha တို့က သွင်းယူပေးသွားတာဖြစ်ပြီး ဗီယက်နမ်အမျိုးသမီးအသင်းက ရွှေဆုရ အောင်ပွဲခံသွားပေမဲ့လည်း ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်းကလည်း ၁၈ နှစ်ကြာ ဝေးကွာနေတဲ့ ငွေတံဆိပ်ကို ရခဲ့တာ ဂုဏ်မငယ်ပါဘူးလို့ ဖြေသိမ့်ရင်း…။