MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုကြောင့် ကျပ်သိန်း ၃၀ အထက်သို့ မြင့်တက်ထားသည့် ပြည်တွင်းရွှေဈေး ထပ်မံမြင့်တက်ခဲ့ပြီး မေလ ၁၅ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၂၃,၀၀၀ အထိ မြင့်တက်လာခဲ့သည်။
မေလ ၁၅ ရက်မနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ဒေါ်လာ ၂,၀၂၀ အထက်သို့ ပြန်လည်မြင့်တက်ခဲ့မှုကြောင့် ပြည်တွင်းရွှေဈေးမှာလည်း ယခင်က ကျပ်သိန်း ၃၀ ကျော်ကျော်သာရှိခဲ့ရာမှ ကျပ် ၃,၀၂၃,၀၀၀ အထိ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေ ၄ ရက်မှ စတင်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂,၀၀၀ အထက်သို့ စတင်မြင့်တက်ခဲ့ပြီး မေ ၅ ရက်တွင် တစ်အောင်စ ဒေါ်လာ ၂,၀၅၀ အထိမြင့်တက်ခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အထက်သို့ စတင်မြင့်တက်ခဲ့ပြီး ကျပ် ၃,၀၁၅,၀၀၀ အထိသာ အမြင့်ဆုံးမြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်ကို ဒေါ်လာ ၂,၀၀၈ အထိသို့ ပြန်လည်ကျဆင်းခဲ့သော်လည်း မေလ ၁၅ ရက်တွင် ဒေါ်လာ ၂,၀၁၇ အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မေလ ၁၅ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတ်မှတ်ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၃၇၇,၄၀၀ သတ်မှတ်ခဲ့သဖြင့် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းထက် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၆,၀၀၀ ကျော်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မေလ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မေလ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၇၊ မေလ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။