၁၆. ၅. ၂၀၂၃
Written by Thettant
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အုတ်နံရံပြိုလဲခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏အရှိန်ကြောင် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များလဲကျခြင်း၊ သစ်ပင်သစ်ကိုင်းလဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဥ် အုတ်နံရံပြိုလဲခြင်းကြောင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံ စုစုပေါင်း ၁၀၀၀ ခန့်ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူ ၅ ဦးလည်း သေဆုံးခဲ့ရသည်။ ထို့အပြင် မုန်တိုင်းအဓိကဖြတ်သန်းရာ စစ်တွေမြို့မှာလည်း မြို့ပျက်ကြီးအသွင်ဖြစ်သွားခဲ့၍ ကူညီမှုများပေးအပ်စဥ် ထိုဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။