၁၆. ၅. ၂၀၂၃
Written by Thandar
အိမ်ထောင်ဇာတ်ကားမှာ သူချစ်ခင်ကာရိုက်တာ ပီပြင်မှုကြောင့် ပရိသတ်အမုန်းကိုခံနေရတဲ့ သရုပ်ဆောင်ရတနာဗိုကတော့ မိန်းကလေးဖြစ်လို့ မယားကြီးနေရာမှာ သောကတွေလောင်မြိုက်နေရတယ်ဆိုတာ နားလည်ကြောင်းနဲ့ သူချစ်ခင်လို စနှိုက်မကြောင့် ဆရာဝန်မကြီးရဲ့ခံစားချက်တွေ သိရချိန်မှာ ငိုမိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။
“ဗို အဲဒီ အမွှေဆင်းန်တွေ စရိုက်တုန်းက အမှန်အတိုင်းပြောရရင် ကာရိုက်တာလည်း မစီးမျောသလို သူချစ်ခင်လည်း မဖြစ်ဘူးပေါ့။ အဲမှာ ဒါရိုက်တာရော ကိုကျော်ထက်အောင်တို့က မရှက်ဖို့ ရဲရဲတင်းတင်း လုပ်နိုင်ဖို့ ဇာတ်ကောင်ကိုတွန်းအားပေးခဲ့တယ်။ အစပိုင်း စိတ်ထဲမှာ ဗို သူချစ်ခင် မဖြစ်ချင်ဘူးဖြစ်နေတယ်။ တကယ်လည်း ကာရိုက်တာက အရမ်းဆိုးတယ်ဆိုတော့လေ။ နောက်ပိုင်းမှ ဗို့ဇာတ်ရုပ်ကလှုပ်ပြီး ကိုယ်လောင်မှ တခြားသူတွေလည်း ပိုဇာတ်ကြွမှာမို့ အဓိက ဗို့ကာရိုက်တာကို သူချစ်ခင်ဖြစ်အောင် အကောင်းဆုံးကြိုးစားထားတာပါ”လို့ သရုပ်ဆောင်ရတနာဗိုကပြောပါတယ်။
အနုပညာပျိုးခင်း -၂ က စင်တင်မင်းသမီးဖြစ်တဲ့ ရတနာဗို အနေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးမှုတွေ လုပ်ခဲ့ပေမယ့် သမီးဆိုး ဇာတ်လမ်းတွဲမှာမှ ပရိသတ် ချစ်ခင်သနားမှုရရှိခဲ့ပြီး အိမ်ထောင်ဇာတ်လမ်းတွဲမှာကြတော့ ပရိသတ်တွေက သတ်ချင်လောက်အောင် အမုန်းခံနေရတာလည်းဖြစ်ပါတယ်။
“အမှန်တကယ် ဆရာဝန်မကြီးရဲ့ ခံစားချက်ကို သိရတော့ တော်တော်စိတ်မကောင်းဖြစ်ပြီး ငိုခဲ့မိကြတယ်။ အဲဒီနေ့က သိသိချင်းမှာ အရမ်းကို စိတ်ဆင်းရဲသွားတယ်။ အပြင်မှာ တကယ်လည်းရှိခဲ့ပါလားပေါ့။ ကိုယ်က အကြီးနေရာက ဝင်ခံစားလို့ ရတယ်။ ဗိုတို့က မိန်းကလေးတွေ ဆိုတော့လေ။ အကြီးနေရာမှာ ဘယ်လိုသောကတွေလောင်မြိုက်နေမလဲဆို တာလေ နားလည်တယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကတော့ မတူကြဘူးလေ။ ပျော့ညံ့တယ် မလုပ်သင့်ဘူးလို့တော့ ဗိုက မဝေဖန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်မတူကြဘူးလေ။ တချို့ ဗိုကို တကယ်ထင်နေလားမသိဘူး Chat Box လာပြောကြတယ်။ တကယ် ဗိုက ကိုယ့်ကာရိုက်တာကို အကောင်းဆုံးကြိုးစား ပုံဖော်ထားတာပါ။ ကျော်ထက်အောင်ကိုလည်း မလုပါဘူး”လို့ သူမကဆက်ပြောပါတယ်။