၁၅. ၅. ၂၀၂၃
Written by Phyo Wei
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူဦးရေ အများဆုံးနိုင်ငံထဲ ပါဝင်နေတယ်လို့ နေရပ်စွန့်ခွာသူများကိုစောင့်ကြည့်ရေးစင်တာ (IMDC)နဲ့ နော်ဝေးဒုက္ခသည်ကောင်စီ (NRC) တို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ စင်ကာပူဝန်ကြီးချုပ်က မြန်မာ့အရေးဟာ သည်းခံလုပ်ဆောင်ရမှာလို့ ပြောခဲ့တာရှိပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နိုလန်းဟေဇာရဲ့ ကြိုးပမ်းအားထုတ်မှုကိုအားပေးထောက်ခံတယ်လို့ ပြောနေတဲ့အချိန် NUG ဘက်မှာတော့ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခဟောင်းရဲ့ ငါးနှစ်အရွယ်သမီးငယ်ကို သက်ငယ်မုဒိမ်းကျင့်တဲ့ NLD ပါတီအတွင်းရေးမှူးအောင်မင်းကို ကာကွယ်ပေးထားလို့ ဒီသက်ငယ်မုဒိမ်းမှုဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးဖို့ တောင်းဆိုခံနေရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် အာဆီယံဥက္ကဋ္ဌကို အပြစ်တင်လိုက်တဲ့ NUG အကြောင်း၊ ၂၀၂၃ ခုနှစ် သုံးလအတွင်းမှာ ပြည်သူ ၃၀၂ ဦး သေကြေဒဏ်ရာရအောင်ကွဲခဲ့တဲ့မြေမြှုပ်မိုင်းတွေအကြောင်းနဲ့ နာဂစ်လိုအဖျက်စွမ်းအားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကို ထိခိုက်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံအကြောင်းကို တင်ပြချင်ပါတယ်။
“အာဆီယံဥက္ကဋ္ဌကို အပြစ်တင်တဲ့ NUG”
၂၀၂၃ ခုနှစ် မေလ ၁၁ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲရဲ့ နိဂုံးချုပ်အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိတယ်လို့ NUG က ထုတ်ပြန်လိုက်ပါတယ်။ ဘာကြောင့် စိတ်ပျက်တာလဲဆိုရင်တော့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲရလဒ်ဟာ မြန်မာနိုင်ငံအပေါ် အရေးယူဖို့ အခွင့်အလမ်းကို ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရတာနဲ့ ဘုံသဘောတူညီချက်ရရှိမှ တစ်စုံတစ်ခုဆောင်ရွက်နိုင်မဲ့ အခြေအနေအောက်မှာ တိုးတက်ဖြစ်ထွန်းမှု မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း NUG က အာဆီယံဥက္ကဋ္ဌကို အပြစ်တင်ခဲ့တာပါ။ ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံခေါင်းဆောင်တွေဟာ ပူးတွဲကိုင်တွယ်နိုင်မှုမရှိတာ သိသာထင်ရှားနေပြီဖြစ်လို့ ပြင်ပကကူညီဆောင်ရွက်ပေးမှုတွေကို ဖိတ်ခေါ်တော့မယ်လို့လည်း NUG က ခြိမ်းခြောက်ခဲ့ပါသေးတယ်။
တကယ်ဆို NUG ဟာ သူ့ကို ဘယ်နိုင်ငံကမှ အစိုးရအဖြစ် မသတ်မှတ်တဲ့အခြေအနေကို နားလည်သင့်နေပြီလို့ ပြောရမှာဖြစ်သလို နိုင်ငံတကာရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေမှာဆိုရင်လည်း NUG အပါအဝင် လက်နက်ကိုင်အားလုံးရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ပဲ ပြောနေတာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ၊ NLD ပါတီဝင်မဟုတ်တဲ့ USDP နဲ့ တခြားပါတီဝင်တွေ၊ NLD၊ NUG ကို မထောက်ခံတဲ့သူတွေအပါအ၀င် ရဲနဲ့စစ်သား သူတို့မိသားစုဝင် ၃၀၀၀၀ ကျော်ကို NUG က တရားလက်လွတ်သတ်ဖြတ်ထားတာနဲ့ ဒီပမာဏဟာ SAC ကြောင့်သေဆုံးရမှုထက် ဆယ်ဆလောက်များနေတာကြောင့် NUG ကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတာပါ။ ဒါ့အပြင်လည်း အာဆီယံမူငါးချက်ဟာ Democracy Restored ကိုပဲ ဦးတည်ထားတယ်ဆိုတာ နားလည်သဘောပေါက်ချိန်တန်ပြီမို့ အကြမ်းဖက်သတ်ဖြတ်တော်လှန်မှ ဖက်ဒရယ်ဒီမိုကရေစီရမယ်ထင်နေတဲ့ အတွေးမှားတွေကို စွန့်လွှတ်ဖို့အချိန်တန်ပြီ ပြောရမှာပါ။
“သုံးလအတွင်း ပြည်သူ ၃၀၂ ဦး သေကြေဒဏ်ရာရအောင်ကွဲခဲ့တဲ့ရအောင်ကွဲခဲ့တဲ့ မြေမြှုပ်မိုင်း”
မြန်မာနိုင်ငံမှာ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှု အနည်းဆုံး ၁၅၃ ကြိမ်ရှိခဲ့ပြီး အနည်းဆုံးလူပေါင်း ၃၀၂ ဦး ထိခိုက်သေကြေပျက်စီးခဲ့ရတယ်လို့ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကို လေ့လာစောင့်ကြည့်သောအဖွဲ့(ERW)က ပြောပါတယ်။ ERW ရဲ့ ထုတ်ပြန်ချက်အရ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ သေဆုံးသူ ၇၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၂၉ ဦးအထိ ရှိခဲ့တာပါ။ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်လည်း အလွန်မြင့်တက်နေတာပါ။ ဘယ်လောက်အထိမြင့်တက်နေလဲဆိုရင် ၂၀၂၃ ပထမသုံးလမှာဖြစ်ခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေဟာ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ ဖြစ်ခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူအားလုံးထက်တောင် ၇၇ ရာခိုင်နှုန်း မြင့်တက်နေတာပါ။ ဒါတင်မကသေးပါဘူး။ ဒီလို သေဆုံး၊ ဒဏ်ရာရသူအားလုံးရဲ့၂၁ ရာခိုင်နှုန်းက ကလေးငယ်တွေဖြစ်ပြီး ကလေးငယ်ပေါင်း အနည်းဆုံး ၆၀ ကျော်သေဆုံး၊ ဒဏ်ရာရခဲ့ပါသေးတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ပေါင်း ၆၀၀ ကျော် ရှိလာတာပါ။ ဒီအဖွဲ့ ၆၀၀ ကျော်ဟာ နေ့စဉ်နဲ့အမျှ လက်လုပ်မိုင်းတွေ၊ မြေမြှုပ်မိုင်းတွေ စာရင်းမရှိ အင်းမရှိ မြေပုံညွှန်းမရှိဘဲ ထောင်နေကြပြီး ဒီလိုထောင်ထားတဲ့ မြေမြှုပ်မိုင်းဒဏ်ကလည်း လက်နက်ကိုင်တွေ ထိခိုက်မိတာထက် ပြည်သူတွေ ထိခိုက်မိတာ ပိုများနေတာပါ။ ဒီလို စည်းမရှိ ကမ်းမရှိထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းဒဏ်ကို မြန်မာနိုင်ငံဟာ နှစ်ပေါင်းရာချီ ခံရဦးမှာဖြစ်သလို မြေမြှုပ်မိုင်း အသုံးပြုခြင်း ပိတ်ပင်တားဆီးမှုစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးမထားတာကြောင့်လည်း စည်းမဲ့ကမ်းမဲ့မိုင်းထောင်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး နိုင်ငံပြန်ငြိမ်းချမ်းရင်တောင် ဒီမိုင်းဒုက္ခက ဘယ်သူ့လက်ချက်လဲမသိရဘဲ ပြည်သူပဲ ခံနေရဦးမှာ အသေအချာပါ။
“နာဂစ်လိုအဖျက်စွမ်းအားပြင်းတဲ့ မုန်တိုင်းကို ထိခိုက်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်ခဲ့တဲ့ မြန်မာ”
ကမ္ဘာ့အဆိုးရွားဆုံးဆိုင်ကလုန်းမုန်တိုင်းစာရင်းထဲမှာ အဆိုးရွားဆုံးအဆင့် (၂) နဲ့ ရပ်တည်ခဲ့တဲ့ ၂၀၀၈ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ဟာ ပြည်သူပေါင်း ၁၃၈၀၀၀ ကျော်သေပြီး ကျွဲနွားအကောင်ရေ သုံးသိန်းကျော် သေဆုံးခဲ့ရသလို ဘဝပျက်ခဲ့ရတဲ့ ပြည်သူနှစ်သန်းကျော်ခဲ့တာပါ။ ဒါ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကလည်း ကျပ် ၁၃ ထရီလျံကျော်မို့လို့ ကမ္ဘာပေါ်မှာ ပျက်ဆီးဆုံးရှုံးမှုအများဆုံးမုန်တိုင်းတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ နာဂစ်ဖြစ်ပြီးလို့ ၁၅ နှစ်အကြာ ၂၀၂၃ မေ ၁၃၊ ၁၄ ရက်မှာ ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာလည်း အဖျက်စွမ်းအား အပြင်းဆုံး CAT5 အဆင့်ရှိတဲ့ မုန်တိုင်းကြီးဖြစ်သလို နာဂစ်မှာတိုက်ခတ်ခဲ့တဲ့ မိုင်နှုန်းလောက်နီးနီးနဲ့ တိုက်ခတ်သွားခဲ့တာဖြစ်လို့ တစ်ကမ္ဘာလုံးကတောင် မိုခါဆိုင်ကလုန်းတည့်တည့်ဖြတ်မယ် မြန်မာနိုင်ငံကို စိုးရိမ်ခဲ့ကြပြီး ကုလသမဂ္ဂနဲ့ EU တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာသဘာဝဘေး သတိပေးစနစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်(GDACS) က ဆို မိုခါကြောင့် လူ သုံးသန်းလောက်ထိခိုက်မယ် ခန့်မှန်းခဲ့တာပါ။
ဆိုးရွားလှတဲ့ နာဂစ်ဟာ မြန်မာနိုင်ငံပေါ်ကနေ တစ်နာရီ ၁၄၅ မိုင်နှုန်းနဲ့ ဖျက်ကျော်သွားသလို အဖျက်အားပြင်းတဲ့ မိုခါကလည်း နာဂစ်လိုတူညီတဲ့ အဖျက်စွမ်းအားနီးနီး တစ်နာရီ ၁၃၈ မိုင်နှုန်းလောက်နဲ့ ဖြတ်ကျော်သွားပေမဲ့ မတူညီတာက သေကြေပျက်စီးမှုပါ။ ဟုတ်ပါတယ်။ နာဂစ်မှာ ပြည်သူ ၁၃၈၀၀၀ ကျော် သေပေမဲ့ မိုခါမှာတော့ ငါးဦးပဲ တိမ်းပါးခဲ့တာပါ။ စစ်တွေမြို့ဟာ တစ်မြို့လုံးနီးပါးပျက်စီးခဲ့တယ်ဆိုပေမဲ့ တစ်ပတ်လောက်ကြိုတင်ပြင်ဆင်နိုင်ခဲ့လို့ ပြန်လည်ထူထောင်နိုင်ဖို့ လွယ်ကူတဲ့အခြေအနေမြင်ရပါတယ်။ ဒါ့အပြင် နာဂစ်မှာ အိမ်အလုံးရေသောင်းဂဏန်းလောက်ပျက်စီးပေမဲ့ မိုခါမှာတော့ ပျက်စီးတဲ့ အိမ်အလုံးရေက ၁၀၀၀ တောင် မပြည့်ခဲ့တာကြောင့်မို့လို့ SAC ဥက္ကဋ္ဌကတောင် အဖျက်စွမ်းအားကြီးတဲ့ မိုခါကို ပျက်စီးထိခိုက်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီ ကြွေးကြော်ခဲ့တာပါ။
မြန်မာနိုင်ငံနည်းတူ မိုခါအဖျားခတ်တိုက်ခတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ဒုက္ခသည်တဲ အနည်းငယ်ပျက်စီးခဲ့သလို သေဆုံးထိခိုက်မှုလည်းမရှိသလောက်နည်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပျက်စီးထိခိုက်မှုတွေအတွက် ပြန်လည်ထူထောင်ဖို့ စတင်ကြိုးစားနေပါပြီ။ တစ်ဖက်မှာလည်း အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးဗဟိုဌာနက ဝင်ရောက်ကူညီပေးမဲ့အပြင် နိုင်ငံတချို့ကလည်း အကူအညီပေးဖို့ ကမ်းလှမ်းထားပြီပဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးနာမည်တပ်ပြီး မြန်မာ့နယ်စပ်ပြသနာကို ဝင်မီးထိုးဦးမဲ့ UN အဖွဲ့အစည်းတချို့နဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူသားတွေကို အကြောင်းပြ မျောက်ပြဆန်တောင်းမဲ့ NGO တချို့ကလည်း သူတို့အကျိုးစီးပွားအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးခေါင်းစဥ်တပ်ပြီး စတင်လှုပ်ရှားနေတာကို မြင်လာရပါပြီ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။