၁၅. ၅. ၂၀၂၃
Written by Tha Doe
မြန်မာနိုင်ငံအပေါ် ဖြတ်သန်းတိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် မိုးနှစ်ရက်ဆက် သည်းထန်စွာရွာသွန်းသဖြင့် ပုဂံရှေးဟောင်းယဥ်ကျေးမှူ အမွေအနှစ်ဒေသတွင်းမှ ဘုရားပုထိုးများ ပျက်စီးထိခိုက်မှုအချို့ တွေ့ကြုံခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုရှိ/မရှိကို လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ရာ ညနေပိုင်းတွင် စူဠာမဏိဘုရားပုရဝုဏ်အတွင်း ရေဝင်ခြင်း၊ အနော်ရထာမင်းနန်းတော်ရာ အဆောင် (B) ရေဝင်ခြင်း၊ အာနန္ဒာဘုရားကြီးအတွင်းရေဝင်ခြင်း၊ ဓမ္မရာဇကဘုရားကြီး ရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့မုခ်အဝင် ချင်မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများဘုရားမုခ်ကပ်ပဲ့ကျခြင်းတို့ ဖြစ်ပွားကြောင်းတွေ့ရှိခဲ့သည်။
ထို့ကြောင့် ရေစုပ်ထုတ်ခြင်း၊ ရေထွက်ပေါက်များဖောက်လုပ်ခြင်း၊ မိုးကာများဖြင့်အုပ်ဆိုင်းကာရံခြင်းတို့ ဆောင်ရွက်ထားပြီး လိုအပ်သော ပြုပြင်ထိန်းသိမ်းများ၊ စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပုဂံဌာနခွဲက ထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဘုရားစေတီများ ထိခိုက်မှု အမြန်ဆုံးပြုပြင်ထိန်းသိမ်းရန်လည်း SAC ဥက္ကဋ္ဌက ညွှန်ကြားထားသည်။