◾️ အံ့မခန်း Comeback၊ ဒေါ်လာတစ်သိန်း ဆုကြေးနဲ့ ဗိုလ်လုပွဲနှစ်ကြိမ်ရှုံးကြွေးအတွက် ဗီယက်နမ်ကို အနိုင်ယူပြီး ရွှေဆုရဖို ကြိုးပမ်းရမဲ့ မြန်မာ
၁၅. ၅. ၂၀၂၃
Written by Thettant
၁။
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်အကြိုဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ သမိုင်းတစ်လျှောက်လုံး အသာစီးရယူထားတဲ့ ပြိုင်ဘက်ထိုင်းအသင်းနဲ့ ကန်ခဲ့ရပြီး ပထမပိုင်း ပွဲချိန် ၄၂ မိနစ်အထိ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနေခဲ့တာပါ။ ပြီးခဲ့တဲ့ အနှစ် ၃၀ အတွေ့အကြုံအရဆိုရင် ဒီလိုအခြေအနေမျိုးမှာ မြန်မာအသင်းဟာ ရှုံးနိမ့်ဖို့သေချာလို့ စိတ်ဓာတ်ကျပြီး ဖိဖိစီးစီးမကန်တော့လို့ ဂိုးထပ်သွင်းခံရတာကြောင့် အရှုံးကို ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ ၂၀၂၃ ဆီးဂိမ်းစ်အမျိုးသမီးအသင်းကတော့ အရင်တုန်းကလို စိတ်ဓာတ်ကျမသွားဘဲ အပေးအယူလှလှ၊ နားလည်မှုမြင့်မားတဲ့ကစားဟန်နဲ့ အဆင့်အတန်းမြင့်တဲ့ ဂိုးလေးဂိုးကို နောက်ကလိုက်သွင်းယူပြီး အံ့မခန်းပြန်လာနိုင်ခဲ့တာကြောင့် ဒီပွဲစဥ်ဟာ အမျိုးသမီးဘောလုံးအသင်းသမိုင်း အကြိုဗိုလ်လုပွဲလိုအဆင့်မျိုးမှာ အံ့မခန်းပြန်လာနိုင်ခဲ့တဲ့ သမိုင်း Epic Comeback ပွဲစဥ်တစ်ခုဖြစ်လာခဲ့ပါတယ်။
ဒီ အံ့မခန်းအနိုင်ပွဲကြောင့်ပဲ မြန်မာအမျိုးသမီးအသင်းဟာ ဒီနေ့ မေလ ၁၅ ရက်နေ့ ည ၇ နာရီမှာ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ရွှေလုရမဲ့ ဗိုလ်လုပွဲ ဆင်နွှဲရတော့မှာပါ။
၂။
၁၅ နှစ်ကျော် ဝေးကွာနေတဲ့ ဗိုလ်လုပွဲတက်နိုင်ဖို့ မြန်မာအသင်းဟာ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ပါဝင်တဲ့ အုပ်စု (A) မှာ ကစားခဲ့ရပြီး ဖိလစ်ပိုင်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်၊ မလေးရှားကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဗီယက်နမ်ကိုတော့ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။ အုပ်စုတွင်းမှာ ဗီယက်နမ်ကလည်း ဖိလစ်ပိုင်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပြီး မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် သုံးသင်းစလုံးဟာ ရမှတ် ၆ မှတ်စီနဲ့ အပြိုင်ဖြစ်နေပေမဲ့ ဂိုးကွာခြားချက် လေးဂိုးသာတဲ့ ဗီယက်နမ်က အုပ်စုပထမ၊ သုံးဂိုးအသာရတဲ့ မြန်မာက အုပ်စုဒုတိယနဲ့ ဂိုးကွာခြားချက် တစ်ဂိုးပဲ အသာရတဲ့ ဖိလစ်ပိုင်ကတော့ အုပ်စုအဆင့်ကပဲ လက်ပြခဲ့ရတာပါ။
မြန်မာအသင်းဟာ ဒီနေ့ည ၇ နာရီမှာကန်မဲ့ ဗိုလ်လုပွဲမှာ အုပ်စုအတွင်းက ရှုံးခဲ့တဲ့ ဗီယက်နမ်နဲ့ ကန်ရမှာဖြစ်လို့ ဖိအားများနေတယ်ဆိုပေမဲ့ ဆီးဂိမ်းစ်မှာ ဘယ်အမျိုးသမီးအသင်းမှ သုံးကြိမ်ထက် ပိုပြီး ဗိုလ်မစွဲဖူးသေးလို ဒီနေ့မှာ အောက်အသင်းဖြစ်နေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်ရဲ့ လေးကြိမ်ဆက် ချန်ပီယံအိပ်မက်ကို ဖြတ်တောက်တားဆီးနိုင်ပြီး ဆီးဂိမ်းစ်မှာ ချန်ပီယံအသင်းသစ် ပေါ်ထွက်လာဖို့ အခွင့်အလမ်းရှိနေပါတယ်။
အမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းမှာ ထိုင်းအသင်းက ရွှေဆုငါးကြိမ်၊ ဗီယက်နမ်အသင်းက ရွှေဆု ၇ ကြိမ်ဆွတ်ခူးထားတာပါ။ အဲဒီအထဲမှာ ဗိုလ်လုပွဲသုံးကြိမ်တက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းကတော့ ၁၉၉၇ မှာ ထိုင်းအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးပြီး ဒုတိယနေရာပဲရခဲ့သလို ၂၀၀၃ ဆီးဂိမ်းစ်မှာလည်း ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ၂၀၀၅ ဆီးဂိမ်းစ်မှာလည်း ဗီယက်နမ်ကိုပဲ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ရလို့ ငွေဆုကိုပဲ ရခဲ့တာပါ။ ၂၀၀၅ နောက်ပိုင်းကစပြီး မြန်မာအသင်းဟာ ဗိုလ်လုပွဲဆီ မကပ်နိုင်တော့ဘဲ တတိယငါးကြိမ်၊ စတုတ္တတစ်ကြိမ်နဲ့ ၂၀၂၃ ကျမှပဲ ဗိုလ်လုပွဲဆီ ပြန်တက် ရွှေရောင်အိပ်မက် မက်ခွင့်ပြန်ရခဲ့တာပါ။
၃။
၁၈ နှစ်ကျော် အလှမ်းဝေးနေတဲ့ ဗိုလ်လုပွဲအတွက် ဒီနေ့ မေလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတော့မှာပါ။ ဒီပွဲအတွက် MRTV၊ MRTV Sports နဲ့ Peak တို့က https://www.facebook.com/PEAKSportsKH ကနေ Live ပြသမှာဖြစ်သလို အိမ်ရှင်အားသာချက်မရှိတဲ့ ကြားကွင်းမှာ ဘယ်သူနိုင်သွားမလဲဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုရတော့မှာပါ။
မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာ အုပ်စုအဆင့်က တက်နိုင်ခဲ့တာကြောင့် ကျပ်သိန်း ၁၅၀၀ ဆုကြေးရရှိထားသလို အကြိုဗိုလ်လုပွဲမှာ ခါးသီးပြိုင်ဘက်ထိုင်းအမျိုးသမီးအသင်းကို ၂ ဂိုးပြတ်ရှုံးနေရာက ၄ ဂိုးပြတ် ပြန်သွင်းပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀ နဲ့ ဒုတိယဥက္ကဋ္ဌဦးပြည့်ဖြိုးတေဇက ကျပ်သိန်း ၅၀၀ ဆုချခဲ့လို့ ကျပ်သိန်း ၃၀၀၀ အထိ ဆုချီးမြှင့်ခံထားရပါပြီ။ လက်ရှိမှာလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာအမျိုးသမီးအသင်းသာ ဗိုလ်လုပွဲမှာ ဗီယက်နမ်ကို အနိုင်ရပြီး ရွှေဆုချီးမြှင့်ခံရမယ်ဆိုရင် ဒေါ်လာတစ်သိန်း ဆုချီးမြှင့်မယ်လို့ သတင်းစကားပါးထားပြီးဖြစ်ပါတယ်။
တစ်ဖက်မှာ မြန်မာအမျိုးသားအသင်းကလည်း ဗီယက်နမ်အမျိုးသားအသင်းနဲ့ပဲ မနက်ဖြန် မေလ ၁၆ ရက်နေ့မှာ တတိယနေရာလုပွဲဆင်နွှဲမှာဖြစ်လို့ မြန်မာအမျိုးသားအသင်းက တတိယရခဲ့ရင် ဒေါ်လာ ၅၀၀၀၀ နဲ့ မြန်မာအမျိုးသမီးအသင်းကလည်း ငွေဆုပဲ ရခဲ့မယ်ဆို ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ဖို့ SAC ဥက္ကဋ္ဌက စီစဥ်ထားပြီးပြီလည်း ဖြစ်ပါတယ်။
မြန်မာနဲ့ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်း ထိပ်တိုက်တွေ့ဆုံ ယှဥ်ပြိုင်မှုသမိုင်းမှာ ဗီယက်နမ်ကို အသာရမထားပေမဲ့ အုပ်စုတွင်းမှာလည်း ဗီယက်နမ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တယ်ဆိုပေမဲ့ မြန်မာအသင်းဟာ ဗီယက်နမ်ကို အနိုင်ရခဲ့တဲ့ ဖိလစ်ပိုင်အသင်းကို ခြေစွမ်းအသာနဲ့ အနိုင်ခဲ့တာမို့ ဘာမဆိုဖြစ်နိုင်တဲ့ ဘောလုံးမှာ ထိုင်းကို အသာစီးယူ ကန်နိုင်ခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ တစ်သင်းလုံးသာ ညီညီညွတ်ညွတ်ကစားနိုင်မယ်ဆိုရင် ဗီယက်နမ်ကို အနိုင်မယူနိုင်စရာ အကြောင်းမရှိသလို ဆီးဂိမ်းစ်မှာလည်း အမျိုးသမီးချန်ပီယံအသစ် ပေါ်ထွက်လာမဲ့အပြင် မြန်မာအမျိုးသမီးအသင်းအတွက်လည်း SAC ဥက္ကဋ္ဌက ချီးမြှင့်မဲ့ ဒေါ်လာတစ်သိန်းအပြင် အဖွဲ့အစည်းများစွာကလည်း ဂုဏ်ပြုဖို့ စောင့်စားနေကြောင်း သတင်းကောင်းပါးရင်း…..။