၁၅. ၅. ၂၀၂၃
Written by Pan Ei
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း တမောလီပက်စ်ပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် ဗင်ကားနှင့် ထရပ်ကားတစ်စီးတို့ တနင်္ဂနွေနေ့(မေလ ၁၄ ရက်)က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါယာဉ်နှစ်စီးသည် တမောလီပက်စ်ပြည်နယ်မြို့တော် စီယူဒက် ဗစ်တိုးရီးယား၏ မြို့အပြင်ဘက် အဝေးပြေးလမ်းမပေါ်တွင် တိုက်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုလည်းဖြစ်ပွားခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှဟု ယူဆရသည့် ဗင်ကားပေါ်ပါလာသည့် ခရီးသည်များတွင် ကလေးငယ်များလည်း ပါဝင်ပြီး အခင်းဖြစ်ပွားရာနေရာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ရရှိသဖြင့် သေဆုံးသူအားလုံးမှာ မက္ကဆီကိုနိုင်ငံသားများဟု ယူဆရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref; Reuters