၁၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
အလွန်အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း မိုခါ(Mocha) က ဘင်္ဂလားပင်လယ်အော်မှနေ၍ ကမ်းရိုးတန်းသို့ စတင်ချဥ်းကပ်လာနေသောကြောင့် မေလ ၁၃ ရက်ညတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့စ်ဘဇားဒေသ၊ ရာဂျာခါလီမြို့ရှိ အထက်တန်းကျောင်းတစ်ခုသို့ မုန်တိုင်းရန်မှ ခိုလှုံရန်ရောက်ရှိလာခဲ့သော ဘင်္ဂလားဒေ့ရှ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှာ ထိုကျောင်းသို့ ရောက်ရှိပြီး နာရီအနည်းငယ်အတွင်းပင် သားဖွားမှုပြုလို၍ ဗိုက်ပိုနာလာခဲ့သည်။
အသက် ၁၉ နှစ်ရှိ ဇေနက် ဘီဂမ် ဆိုသူ ထို ကိုယ်ဝန်ဆောင်အမျိုးသမီးက မုန်တိုင်းဒဏ်ခိုလှုံရာစခန်းသို့ မေလ ၁၃ ရက် ည ၉ နာရီခန့်တွင် ရောက်လာခဲ့ပြီး မေလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ ခန့်တွင်မူ မီးဖွားရန်စတင်၍ ဗိုက်နာလာခဲ့သော်လည်း ထိုအချိန်တွင် ဆိုင်ကလုံးမိုခါကလည်း ကမ်းရိုးတန်းနှင့်နီးကပ်လာချိန်ဖြစ်၍ မည်သည့်ယာဉ်မျှမရှိတော့ဘဲ ၎င်းအား ဆေးရုံသို့ သယ်ဆောင်သွားရန်မှာ အခက်အခဲဖြစ်နေခဲ့ရသည်။
ထိုအချိန်တွင် ဒုက္ခသည်ခိုလှုံရာစခန်းသို့ ရောက်ရှိလာသော ပီကူအာနယ် ရဲတပ်ဖွဲ့ စခန်းမှူးက ၎င်းအား မမျှော်လင့်ဘဲတွေ့ရှိပြီးနောက် ၁၀ ကီလိုမီတာခန့်ဝေးသော ပီကူအာ ကျန်းမာရေးဌာနသို့ ၎င်း၏ကားဖြင့် သယ်ဆောင်သွားခဲ့သည်။ မေလ ၁၄ ရက် နံနက်ပိုင်း ဆိုင်ကလုံးမိုခါ ကမ်းနှင့် အလွန်နီးကပ်လာချိန်တွင်မူ ဇေနက် ဘီဂမ်က သားယောင်္ကျားလေးဖြစ်သူအား ပီကူအာကျန်းမာရေးဌာနတွင် သဘာဝအတိုင်း ဖွားမြင်နိုင်ခဲ့ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ဤကဲ့သို့ ဆိုင်ကလုံးမိုခါ တိုက်ခတ်ချိန် အခက်အခဲများကြားမှပင် ကျန်းမာရေးဌာနသို့ ရောက်ရှိ၍ မုန်တိုင်းနှင့်အတူတူမွေးဖွားခဲ့သော ကလေးငယ်အား ‘မိုခါ’ ဟု မိဘများက အမည်ပေးခဲ့ကြကြောင်း သိရသည်။
Ref——- Dhaka Tribune