MT News
Written By Thandar
စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့ ဝတ္တုကို ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲကို မေ ၂၀ ရက်ကစပြီး Fortune ရုပ်သံလိုင်းက ထုတ်လွင့်ပြသမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲ Press Conference Show ကို မေလ ၁၃ ရက် မွန်းလွဲ ၃နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Chinese 47 Restaurant မှာ ပြုလုပ်ခဲ့ပြီး ဇာတ်လမ်းတွဲမှာပါဝင်တဲ့ အနုပညာရှင်တွေက ဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့အမှတ်တရအကြောင်း ပြောခဲ့ပါတယ်။
“ဒီဇာတ်လမ်းလေးက ၁၉၄၈ ခုနှစ်ကို အခြေတည်ထားတဲ့ ဇာတ်လေးပါ။ တကယ်တမ်းဝတ္ထုရဲ့ ဇာတ်လမ်းက မီးပြ တိုက်စောင့်တဲ့သူရဲ့ ဇာတ်လမ်းလေးပါ။ ဆရာမကြီးရေးတဲ့ ဗြိတိသျှခေတ်တုန်းက ဆောက်ထားတဲ့ မီးပြတိုက်ဆိုတာ မရှိတော့ပါဘူး။ မီးပြတိုက်လုပ်သားနေရာမှာ ရေလုပ်သားအဖြစ် ပြောင်းလဲပြီး ရိုက်ကူးထားတာပါ။ အဲဒါလေးပဲ ပြင်ဆင်ထားတာပါ။ စကားပြောကအစ အပြောင်းအလဲ မရှိပါဘူး။ New Version အနေနဲ့ ဇာတ်လမ်း ၊ ဇာတ်အိမ် ပြန်ဖွဲ့ပြီး ကျောရိုးကြီးတစ်ခုလုံး မပျောက်အောင်၊ ဇာတ်လမ်းသဘောတရား မပျောက်အောင် ခေတ်နဲ့အညီ ပြန်ရိုက်ထားတာပါ”လို့ ဒါရိုက်တာဟိန်းစိုးက ပြောပါတယ်။
အချစ်၊ အိမ်ထောင်ရေး၊ ဘဝသရုပ်ဖော်ပုံများကို မြင်တွေ့ရမယ့် “ပင်လယ်ပြာပြာ မိုးပြာပြာ”ဇာတ်လမ်းတွဲကို ရွှေပြည်နန်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဇာတ်လမ်း ၊ ဇာတ်ညွှန်း ရည်မွန်အောင် (ဒီဇိုင်နာ)က ရေးသားထားပါတယ်။ ဒါရိုက်တာ ဟိန်းစိုးက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း ၊ မေမီကိုကို ၊ အင်ကြင်းထူး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ မင်းသူ၊ နေဆန်း၊ ဝေလု၊ ဟိန်းဇေ၊ ဝင်းမင်းသန်း၊ သာသာ၊ နေလု (အထူးဧည့်သည်သရုပ်ဆောင်)နဲ့ ဒါရိုက်တာ ဟိန်းစိုးရဲ့သရုပ်ဆောင်၊ ဒါရိုက်တာ သင်တန်းဆင်း ကျောင်းသား ၊ ကျောင်းသူတွေပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲကို ဂေါ်ရန်ဂျီကျွန်းနဲ့ရန်ကုန်မြို့မှာ ရိုက်ကူးထားပြီး ၃၅မိနစ်စာပါဝင်တဲ့ အပိုင်း ၁၆ ပိုင်းကို Fortune ရုပ်သံလိုင်းက ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။