၁၆. ၁၀. ၂၀၂၂
Written by Nay Moe
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ PDF နှစ်ယောက် မိုင်းဆင်ချိန် လခရများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့်ဖြစ်စဥ်တွင် သတင်းပေးဟုဆိုကာ ဖမ်းဆီးထားသူနှစ်ဦး စစ်ဆေးချိန်သေဆုံးသွားသည်ဟုဆိုပြီး ထိုသို့သေဆုံးမှုမှာ သတင်းကောင်းဖြစ်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ – ၂ က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ- ၂ ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်က အသက် ( ၂၀ )ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခ အသက် ( ၁၈ ) နှစ်ယောက်မှာ အောက်တိုဘာ ၉ ရက်က မိုင်းသွားဆင်ချိန် SAC ၏ လုံခြုံရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးခဲ့သည်။
ထိုသို့ မိုင်းသွားဆင်သည့် PDF နှစ်ဦးသေဆုံးမှုတွင် အတိအကျသတင်းပေးသည်ဟုဆိုကာ မုံရွာမြို့နယ် တောပုကျေးရွာမှ နှစ်ဦးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ က ပျူဟုဆိုကာဖမ်းဆီးစစ်ဆေးခဲ့သည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးနေစဥ်အတွင်း တောပုကျေးရွာသားနှစ်ဦးအနက် တစ်ဦးမှာ ကွမ်းယာသီးပြီး လေပိတ်သေဆုံးသွားကာ ကျန်တစ်ယောက်မှာလည်း အကြောက်လွန်ပြီး နှလုံးရောဂါအခံကြောင့် အမောဖောက်သေဆုံးသွားခဲ့သည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ – ၂ က ထုတ်ပြန်ခဲ့ပြီး ထိုသူနှစ်ဦးသေဆုံးမှုမှာ သတင်းကောင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်က ဖမ်းဆီးစစ်ဆေးစဥ် သေဆုံးသည့်ဖြစ်စဥ်များမှာ SAC ၏ လခရများသာ လုပ်ဆောင်သည်ဟု စွပ်စွဲကြရာမှ လက်ရှိတွင် NUG ၏ PDF များက ဖမ်းဆီးထားစဥ် သတ်ဖြတ်သေဆုံးမှုဖြစ်စဥ်များလည်း ယခုဖြစ်စဥ်အပါအဝင် မကြာခဏဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။