၁၅. ၅. ၂၀၂၃
Written By Thandar
နာမည်ကြီး ပရဟိတမင်းသားတစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရရှိထားသူ ပြည်သူတွေကို ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
သူဟာ ကျောက်တော်မြို့ဘက်မှာ မုန်တိုင်းတိမ်းရှောင်တဲ့နေရာကို မေလ ၁၃ ရက်နဲ့ ၁၄ ရက်က ရောက်ရှိလာပြီး အသက်ကယ်အင်္ကျီတွေပေးဝေခဲ့သလို ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။
“ ကျွန်တော်တို့ လူနာကယ်ဆယ်ရေးကား ရေနစ်သွားရင် မဖြစ်လို့ ကုန်းနည်းနည်းမြင့်တဲ့ သရက်တစ်ပင် ကျေးရွာလေးမှာ တိမ်းရှောင်နေတယ်။ တိမ်းရှောင်တဲ့နေရာမှာ ရွှေကရုဏာပရဟိတ သွေးလှူအသင်းလည်း လာတိမ်းရှောင်နေရတာပါ။ သစ်ပင်တွေပြိုလဲ လမ်းတွေပိတ်နေတယ်။ သရက်တစ်ပင်ကျေးရွာက ဘုရားသိမ်ရဲ့ ထီးတော်လည်း ကျိုးသွားတယ်လို့ သိရပါတယ်။ သစ်ပင်တွေလဲပြီး အိမ်တွေ ပိကုန်တယ်။ မုန်တိုင်း ငြိမ်သွားတာတော့ မဟုတ်သေးပါဘူး။ အခြေအနေကတော့ ကျောက်တော်မြို့ကို ဘယ်လိုသွားရမှန်းမသိသေးဘူး။ ကျောက်တော်ကနေ စစ်တွေကိုဆက်ထွက်ရမှာပါ။ မုန်တိုင်းငြိမ်သက်ရင်တော့ စစ်တွေကိုသွားမယ်။ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ကူညီပေးနေပါတယ်”လို့ ဝေဠုကျော် ကပြောပါတယ်။
လက်ရှိမှာလည်း ဝေဠုကျော်က ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းဒဏ်ကြောင့် အခက်အခဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်အထိသွားပြီး ကျောက်တော်ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။ မေလ ၁၄ ရက်က ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့ပြီး ပရိသတ်သိအောင် Wifi လိုင်းကတစ်ဆင့် ပြောလာပါတယ် ။ သူ့ရဲ့နာမည်နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဆိုပြီး တည်ထောင်ထားပြီး တစ်နိုင်ငံလုံးက အကူအညီလိုအပ်နေတဲ့သူတွေကို တတ်စွမ်းသလောက် ကူညီကယ်ဆယ်ပေးနေတာပဲဖြစ်ပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ဟာ မုန်တိုင်းငြိမ်သွားပြီဆို ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်းတောအထိသွားရောက် ကူညီမယ်လို့လည်း သိရပါတယ်။