၁၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်က ရေတွက်လျက်ရှိရာတွင် မေလ ၁၅ ရက်၊ နံနက် ၉ နာရီ ၄၇ မိနစ်အထိ မဲရေတွက်မှုများကို ကြေညာချက်ထုတ်ခဲ့ရာ Party-list race system အရ အတိုက်အခံပါတီများဖြစ်သော Move Forward Party နှင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးဖြစ်သူ ပေတုံတန် ခေါင်းဆောင်သည့် ဖျူထိုင်းပါတီ(Pheu Thai Party) တို့က ဦးဆောင်လျက် ရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံအောက်လွှတ်တော်တွင် အမတ်နေရာ ၅၀၀ ရှိသည့်အနက် ၄၀၀ ကို ရွေးကောက်ပွဲမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်ရခြင်း ဖြစ်သည်။ နောက်ဆုံးရလဒ်အရ အမတ်နေရာအားဖြင့်မူ Move Forward Party က အမတ်နေရာ ၁၁၂ နေရာနှင့် ဖျူထိုင်းပါတီ(Pheu Thai Party) က ၁၁၃ နေရာဖြင့် ရထားကြသည်။ ဖျူထိုင်းပါတီက ၁၁၆ နေရာအထိ ရရှိရန်ခန့်မှန်းထားသည်ဟုဆိုသည်။ စီးပွားရေးတိုးတက်မှုနှေးကွေးမှုများနှင့် အတူ အထူးသဖြင့် လူငယ်ပိုင်းက လူကြိုက်နည်းလာသော လက်ရှိဝန်ကြီးချုပ် ပရာယွတ်၏ United Thai Nation party မှာ အမတ်နေရာ ၂၃ နေရာသာ ရထားသည်။
အောက်လွှတ်တော်တွင် ရွေးကောက်ခံရသော အမတ်များအပါအဝင် စုစုပေါင်းအမတ် ၅၀၀ နှင့် အထက်လွှတ်တော်မှ အမတ် ၂၅၀ ပေါင်း၍ အစိုးရအဖွဲ့ဖွဲ့ရန် ဝန်ကြီးချုပ်ကို ဇွန်လတွင်ရွေးချယ်မည် ဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ခံရ၍ အစိုးရအဖွဲ့ဖွဲ့နိုင်ရန် ပါတီတစ်ခုအနေဖြင့် အနည်းဆုံးအမတ်နေရာ စုစုပေါင်း ၃၇၆ နေရာ ရရှိရန်လိုအပ်မည်ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီကို တရားဝင်မကြေညာသေးသော်လည်း ထိပ်ဆုံးမှပြေးနေသော ပါတီနှစ်ခုစလုံးပင် သီးခြားစီအားဖြင့်အစိုးရဖွဲ့ရန် လိုအပ်သောအမတ်နေရာမရနိုင်၍ ၎င်းတို့နှစ်ပါတီ ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖြစ်လာမည်ဟု ခန့်မှန်းရသည်။