MT News
Written by Hey Mar
မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့( ရန်ကုန်)က ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကူညီကယ်ဆယ်ရေးသင်တန်းဆင်းထားသည့် ပရဟိတအသင်းများ၏ အသင်းသား အယောက် ၁၀၀ ကို ရွေးထုတ်ကာ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကူညီဆောင်ရွက်မှုများပြုလုပ်ရန် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ဗဟိုက ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ရမည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းတက်ရောက်ထားသော ပရဟိတ အသင်းအဖွဲ့များ၏ အသင်းသားများအနက်မှ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်၍ ကျန်းမာရေးကောင်းသော လူငယ်၊ လူလတ် အယောက် ၁၀၀ ကို ရွေးထုတ်ကာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဗဟို ဌာနချုပ်တွင် စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)မှ တိုင်းဥက္ကဋ္ဌဦးထွန်းထွန်းဦးက “ကျွန်တော်တို့ ရခိုင်ပြည်နယ် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ရခံစားရမယ့် ရပ်ရွာတွေမှာ ကူညီကယ်ဆယ် တည်ဆောက်ရေးတွေ ပြန်လည်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Plan A ,B ခွဲပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ မနက်ဖြန် သို့မဟုတ် သဘက်ခါကို ကျွန်တော်တို့အဖွဲ့တွေ ထွက်မှာပါ။ အခုက စစ်တွေလေဆိပ်လဲ ပိတ်သွားပြီ။ မနက်ဖြန် ပြန်ဖွင့်နိုင်မလား။ သဘက်ခါ ဖွင့်နိုင်မလား တော့မသိသေးဘူး။ ဖွင့်တာနဲ့ Plan A အဖွဲ့က အရင်ထွက်မယ်။ မီးသတ်တပ်ဖွဲ့က အထူးလေ့ကျင့်ထားတဲ့ ကျွမ်းကျင် တပ်ဖွဲ့ဝင် ၅၀ ဦးနဲ့ ကျွန်တော်တို့ ပရဟိတစုံညီ အသင်းသားက ၅၀ နဲ့ အယောက် ၁၀၀ က အရင်သွားမယ်။ အပျက်အစီးတွေ ရှင်းလင်းဆောင်ရွက်တာမျိုး ၊ ကူညီရှာဖွေကယ်ဆယ်တာမျိုးတွေ လုပ်ပေးမယ်၊ နောက်က လိုက်လာမယ့် Plan B အဖွဲ့က အယောက် ၁၀၀ နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ စားရေရိက္ခာထောက်ပံ့ရမှု အပိုင်းတွေ လုပ်ဆောင်သွားမှာပါ ” ဟု MT News၏ မေးမြန်းမှုကို မေလ ၁၄ ရက်က ပြန်လည်ဖြေကြားသည်။