MT News
Written by Nay Aung
ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်းနိုင်ငံများအနက် နေရပ်စွန့်ခွာသူဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင်ထုတ်ပြန်ခဲ့သော နေရပ်စွန့်ခွာသူများကိုစောင့်ကြည့်ရေးစင်တာ (IMDC) နှင့် နော်ဝေးဒုက္ခသည်ကောင်စီ (NRC) တို့၏ ပူးတွဲထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိနေသော ပြည်တွင်းပဋိပက္ခများကြောင့် လူ ၁၀၀၆၀၀၀ ဦး နှင့် သဘာဝဘေးအန္တရာယ်ကြောင့်နေရပ်စွန့်ခွာရသူ ၁၃၀၀၀ ဦးရှိနေခဲ့ကြောင်း သိရသည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်းနိုင်ငံများအနက် နေရပ်စွန့်ခွာသူဦးရေ အများဆုံးနိုင်ငံများထဲတွင် ဖိလစ်ပိုင်၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ထိပ်ဆုံးတွင်ရပ်တည်နေခဲ့ကြောင်း သိရသည်။
နေရပ်စွန့်ခွာသူအရေအတွက်ကို တွက်ချက်ရာတွင် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူနှင့် သဘာဝဘေးအန္တရာယ်များကြောင့်နေရပ်စွန့်ခွာသူ နှစ်ခုစလုံးကို တွက်ချက်ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူများအနက် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ ၁၂၃၀၀၀ ဦးရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့်နေရပ်စွန့်ခွာရသူဦးရေ ၅၄၄၅၀၀၀ ဦးရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာရသူမရှိဘဲ သဘာဝဘေးအန္တရာယ်ကြောင့်နေရပ်စွန့်ခွာရသူအရေအတွက် ၃၆၃၂၀၀၀ ဦးရှိနေကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း လက်နက်ကိုင်ပဋိက္ခကြောင့်နေရပ်စွန့်ခွာရသူမရှိဘဲ သဘာဝဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃၅၃၀၀၀ ဦးရှိနေကာ အင်ဒိုနီးရှားတွင် လက်နက်ကိုင်ပဋိပက္ခကြောင့်နေရပ်စွန့်ခွာသူအရေအတွက် ၇၁၀၀ ဦးနှင့် သဘာဝဘေးကြောင့်နေရပ်စွန့်ခွာရသူ ၃၀၈၀၀၀ ဦးရှိနေကြောင်း IMDC နှင့် NRC တို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သော၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာနိုင်ငံများအနက် ပြည်တွင်းပဋိပက္ခများကြောင့်နေရပ်စွန့်ခွာသူအရေအတွက်အများဆုံး ထိပ်ဆုံး ၅ နိုင်ငံစာရင်းထဲတွင်လည်း
မြန်မာနိုင်ငံပါဝင်လျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်တက်လာမှုနှင့်အတူ နေရပ်စွန့်ခွာရသူ အရေအတွက်လည်း များလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများအနက် နေရပ်စွန့်ခွာသူဦးရေ အများဆုံးဒေသများတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတို့ ပါဝင်လျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်ကြား ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုကြောင့်နေရပ်စွန့်ခွာသူအရေအတွက်က ၁၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း IMDC နှင့် NRC တို့က ဖော်ပြထားသည်။