မိုးရေတိုက်စားကာ လေပြင်းတိုက်မှုများကြောင့် သစ်ပင်ကျိုးကျ လူသေဆုံးသည့်ဖြစ်စဥ် ပြင်ဦးလွင်မြို့တွင် ဖြစ်ပွား
MT News
ဆိုင်ကလုန်းမိုခါအရှိန်ကြောင့် သစ်ပင်များလဲကျကာ လူပိသေဆုံးမှုများ ဖြစ်ပွားနေပြီး မေလ ၁၄ ရက်နေ့ မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းအနီးတွင် သစ်ပင်ပိရာမှ လူတစ်ဦးသေဆုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်ဖြင့် တုသိတာ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းလုပ်ဆောင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပြင်စာကျေးရွာမှ အမှုထမ်းတစ်ဦးဖြစ်သူသည် မနက်အစောပိုင်း ၇ နာရီဝန်းကျင်ခန့်က လက်ဘက်ရည်ဆိုင်မှ မနက်စာစားပြီး နေအိမ်သို့လမ်းလျှောက်ပြန်လာစဥ် သက်တမ်းရင့် ညောင်ပင် အမြစ်မှကျွတ်ထွက် လဲကျသဖြင့် အဆိုပါလူအပေါ် ပိမိကာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သစ်ပင်လဲကျသည့် အရှိန်ဖြင့် လမ်းမီးတိုင်များ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့်တိုင်များပါ လဲကျပျက်စီးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ပရဟိတ အသင်းအဖွဲ့များက ပူးပေါင်း ရှင်းလင်းလျှက်ရှိကြောင်းသိရသည်။
ယမန်နေ့ မေလ ၁၃ ရက်နေ့ညနှင့် ယနေ့ မေလ ၁၄ ရက်နေ့ မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် သက်တမ်းရင့် သစ်ပင်ကြီးများ အမြစ်မှ ကျွတ်ထွက်လဲကျခြင်း၊ ဆွေးမြေ့သစ်ကိုင်းများ ကျိုးကျခြင်း စသည့်ဖြစ်စဥ်များ နေရာဒေသ အတော်များများတွင် ဖြစ်ပွားလျှက်ရှိနေပြီး ၊ MT News မှ လက်လှမ်းမီသမျှ ဖြစ်စဥ်တချို့ကို စုံစမ်းမေးမြန်းတင်ဆက်ရာတွင် ယနေ့ မနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင်လည်း နေအိမ်အပေါ်သို့ သရက်ကိုင်း ကျိုးကျသဖြင့် အိပ်ခန်းအတွင်း အိပ်နေသူလက်ကို သစ်ပင်ပိကာ ညပ်နေခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
ပုဇွန်တောင်မြို့နယ်၊ချမ်းသာပလာဇာဘေး၊ MPTရုံးဝင်းအတွင်း သရက်ပင်ကျိုးကျ၍ တစ်ထပ်ပျဉ်ထောင်အိမ်ပေါ်ပိနေ၍ လက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးလူမှုကူညီရေးအသင်းကားဖြင့်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သစ်ပင်ပိသေဆုံးမှုဖြစ်စဥ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စု၊ စလူကျေးရွာနေ အသက် ၂၀ အရွယ်ရှိ မောင်နေလင်းအောင်ဖြစ်ပြီး မေလ ၁၄ ရက် နံနက် ၁၀ နာရီ ၅၀ ခန့်တွင် သစ်ပင်ပိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။