၁၄. ၅. ၂၀၂၃
Written by Phyo Wei
နာဂစ်လိုမျိုး နစ်နာဆုံးရှုံးမှုရှိလာနိုင်တယ်ဆိုတဲ့ မိုခါမုန်တိုင်းဒဏ်ကို ရင်ဆိုင်ရတဲ့ ရက်သတ္တပတ်မှာ ထူးခြားချက်အဖြစ်ကတော့ အိဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ပဲမျိုးစုံ ပိုပြီးတင်ပို့ဖို့ တောင်းဆိုလိုက်သလို လွတ်လပ်စွာတင်ပို့ခွင့်ကို ၂၀၂၄ မေလအထိ တိုးမြှင့်ပေးလိုက်တာကြောင့် မြန်မာ့တောင်သူ လယ်သမားတွေက အိန္ဒိယက လွတ်လပ်စွာဝယ်ယူနေတဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံပိုစိုက်ပါလို့ ပဲနှမ်းအသင်းက ထုတ်ပြန်လာတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့အထည်ချုပ်ကဏ္ဍဟာ Made in Myanmar အထည်ချုပ်အဆင့်ရောက်လာဖို့ ကြိုးပမ်းနေတဲ့အကြောင်း၊ မစိုက်ပျိုးနိုင်တဲ့ မြေတွေပေါ်မှာ စပါးစိုက်မယ်ဆိုရင် ကျပ် ဘီလျံ ၂၉၀၀ ရမဲ့ အခြေအနေတွေရဲ့ အကြောင်းနဲ့ မိုခါမုန်တိုင်းအမှီပြုပြီး ခုန်တက်လာတဲ့ ပြည်တွင်းဆန်စျေးကွက်အကြောင်းတွေကို တင်ပြချင်ပါတယ်။
“Made in Myanmar အထည်ချုပ်”
မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ ဥရောပဈေးကွက်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့ “Made in Myanmar” ထုတ်ကုန်အဖြစ်ကို ဦးတည် မြှင့်တင်ဆောင်ရွက်နေပြီး တစ်နှစ်ကို ဒေါ်လာ ၄ ဘီလျံလောက်အထိ နိုင်ငံခြားငွေ ရှာဖွေနိုင်ပါပြီ။ တစ်ဖက်မှာလည်း ဒါကို မနာလိုမရှုစိမ့်သူတွေက ဒီအနေအထားပြိုလဲအောင် တိုက်ခိုက်နေတာကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍရှိရင်းစွဲအခြေအနေတွေကို Survey ကောက်ပြီး ကမ္ဘာကို ချပြဖို့ လုပ်နေရတာပါ။
မြန်မာ့အထည်ချုပ်ကဏ္ဍဟာ ၂၀၀၃ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုသူတွေကြောင့် အဲဒီအချိန်က အစိုးရ ဘာတစ်ခုမှ မထိခိုက်ပေမဲ့ အညွန့်တလူလူတက်စ မြန်မာ့အထည်ချုပ်ကဏ္ဍ ဦးကျိုးခဲ့ရသလို အလုပ်လက်မဲ့ဖြစ်သွားရတဲ့ အထည်ချုပ်ကဏ္ဍက မြန်မာ့အမျိုးသမီးတွေလည်း ပျက်စီးခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ရတာပါ။ အနှစ် ၂၀ ကြာ လက်ရှိအချိန်မှာလည်း အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် အထည်ချုပ်ကဏ္ဍကို ပိတ်ဆို့ဖို့ ဝိုင်းဝန်းဖိအားပေးလို့ ကမ္ဘာကျော်အထည်ချုပ်လုပ်ငန်းတွေဖြစ်တဲ့ Uniqlo၊ Mark& Spencer၊ Primark တို့ ထွက်သွားလို့ သာမန်လုပ်သားတွေပဲ ဒုက္ခရောက်နေတဲ့ဖြစ်စဉ်ကို ဆက်မြင်ရမှာပါ။ အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် သိက္ခာရှိတဲ့လုပ်ငန်းတွေထွက်ဖို့ ဖိအားပေးသူတွေရဲ့ လုပ်ရပ်ဟာ သာမန်အထည်ချုပ်သမတွေကို ပြည့်တန်ဆာဖြစ်အောင် လုပ်နေသလိုမျိုးပါ။ ရှေ့မှာလည်း တစ်ကြိမ်လုပ်ခဲ့ပြီး အကျိုးမရှိတဲ့အလုပ်ကို ဘာကြောင့် ဆက်လုပ်သလဲဆိုတာတော့ အသိဉာဏ်မဲ့သူတွေကိုပဲ မေးရမှာပါ။
“မစိုက်ပျိုးနိုင်တဲ့ မြေတွေပေါ် စပါးစိုက်ရင် ဘီလျံ ၂၉၀၀ ရမဲ့ အခြေအနေ”
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေတဲ့မြေဧက ၅ ဒသမ ၇ သန်းကျော်ထဲက ဧက လေးသန်းခန့်ကို စပါးစိုက်ပျိုးနိုင်မယ်ဆို ကျပ်ဘီလျံ ၂,၉၀၀ အထိ တိုးတက်ရရှိနိုင်တယ်လို့ မေ ၁၀ ရက်မှာပြုလုပ်တဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးမှာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ စိုက်ပျိုးဖို့ကျန်နေတဲ့ စိုက်ပျိုးမြေမှာ ဧက ၄ သန်းခန့်ကို သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမှာဖြစ်ပြီး တစ်တင်း ၁၀,၀၀၀ နှုန်းနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ကျပ်ဘီလျံ ၂,၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်လာမှာလို့ တွက်ပြခဲ့တာပါ။
ဒီလိုပါပဲ။ ဒီမြေ ၄ သန်းပေါ် အခြားသီးနှံနဲ့ ဆီထွက်သီးနှံကို စိုက်ပျိုးမယ်ဆိုလည်း စပါးလို များစွာအကျိုးဖြစ်ထွန်းမှာဖြစ်ပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်ဆို ပြည်တွင်းဆီဖူလုံမှုကိုဖြစ်ပေါ်စေမဲ့အပြင် ဆီတင်သွင်းရလို့ နိုင်ငံခြားငွေစီးထွက်မှုအချို့ကိုလည်း ထိန်းကျောင်းနိုင်ဦးမှာပါ။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံးလိုလို တိုက်ခိုက်မှုတွေဖြစ်နေရတာနဲ့ သွင်းအားစုတွေ စျေးနှုန်းမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံက လယ်သမားတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ သူတို့မျှော်လင့်ထားတဲ့ စိုက်ပျိုးရိတ်သိမ်းမှုထက် များစွာလျော့နည်းခဲ့ရတယ်လို့လည်း FAO နဲ့ WFP တို့က ဖော်ပြခဲ့တာကြောင့် လက်နက်ကိုင်သူတွေရဲ့ အတ္တ၊ မာနတွေ မလျှော့ချနိုင်သရွေ့တော့ ပိုမိုစိုက်ပျိုးထုတ်လုပ်ဖို့ဟာ မလွယ်ကူတဲ့အပြင် လက်ရှိကျဆင်းနေတဲ့ စိုက်ပျိုးမှုကိုပါ ပုံမှန်ပြန်ဖြစ်ဖို့ အများကြီးကြိုးစားရတော့မှာပါ။
“မိုခါမုန်တိုင်းအမှီပြုပြီး ခုန်တက်တဲ့ ပြည်တွင်းဆန်စျေး”
စံချိန်တင် တက်ပြီးရင်းတက်လာနေတဲ့ ပြည်တွင်းဆန်စျေးဟာ မိုခါမုန်တိုင်းကို အမှီပြုပြီး ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ဝန်းကျင်ခုန်တက်လာပြန်ပါတယ်။ ထိုင်းလို နိုင်ငံမျိုးမှာဆိုရင် ပြည်သူတွေ ဝမ်းနည်းထိခိုက်ပြီး စားဝတ်နေရေးကျပ်တည်းနေတဲ့ အခြေအနေမျိုးမှာ လိုအပ်တဲ့ အသုံးအဆောင်တွေ၊ စားကုန်တွေ စျေးမတက်အောင် အစိုးရက ထိန်းကျောင်းသလို ထိုင်းပြည်သူတွေကလည်း သူတို့ပြည်သူကို သူတို့ငဲ့ပြီး ဝိသမလောဘမျိုးနဲ့ စီးပွားမရှာတတ်ကြတဲ့ ချစ်စရာသဘောထားပြည့်၀မှုတွေ ရှိပေမဲ့ မြန်မာနိုင်ငံကတော့ “ပြည်သူဒုက္ခကြုံလေ ဝိသမလောဘသားတွေက စျေးနှုန်းဆွဲတင် ဒုက္ခပေးလေ”ပါ။ လက်ရှိမှာဆိုလည်း စျေးကွက်ထဲမှာ အခြေခံလူတန်းစားတွေစားတဲ့ ဆန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လလောက်မှာ ၃၀၀၀၀ ပတ်ခြာလည်ပဲရှိတဲ့ ရက် ၉၀ လိုဆန်မျိုးဟာ လက်ရှိအချိန်မှာ ၇၀၀၀၀ ပတ်လည်ဖြစ်လာပြီး ရာခိုင်နှုန်း ၁၃၀ လောက် မြင့်တက်လာနေတာပါ။ မကြာခင် မိုခါမုန်တိုင်းကြောင့် စိုက်ပျိုးမှုတွေ ထိခိုက်လို့ဆိုပြီး ဆန်စျေးတွေ ထပ်တက်လာနိုင်သေးတာကြောင့်လည်း ပြည်သူတွေဟာ ဆန်စားဖို့ထက် တခြားစိုက်ပျိုးသီးနှံအစားထိုးစားရတော့မဲ့ အခြေအနေဖြစ်လာနိုင်တာကိုလည်း မြင်နေရပါပြီ။
ရာသီဥတုကဖျက်၊ သွင်းအားစုက စျေးတက်၊ သယ်ယူပို့ဆောင်စရိတ်က အရင်ထက်နှစ်ဆကုန်၊ စိုက်ပျိုးထုတ်လုပ်နိုင်မှုက လျော့ကျ၊ ပြည်ပကို ပိုတင်ပို့နဲ့ ဒီလိုဒုက္ခမျိုးစုံကြားမှာ ဖြစ်သင့်တဲ့ ဆန်စျေးထက် ဆွဲတင်ထားသူတွေကိုလည်း ထိန်းကျောင်းသူမရှိတဲ့အခြေအနေမျိုးကြောင့် ကမ္ဘာ့မျက်နှာစာမှာတော့ မြန်မာနိုင်ငံမှာ အငတ်ဘေးကြုံနေရသူတွေ၊ စားဝတ်နေရေးကူပံ့ဖို့လိုနေသူတွေ ဆက်လက်မြင့်တက်ဦးမယ်ဆိုတာကို ကမ္ဘာ့အဖွဲ့အစည်းတွေက ချပြဦးမှာဖြစ်သလို ဘက်စုံဒုက္ခတွေကို ကြံ့ကြံ့ခံနေရတဲ့ မြန်မာပြည်သူတွေကလည်း နိုင်ငံနဲ့ပြည်သူကို ဒုက္ခမပေးကြမဲ့အပြောင်းအလဲတစ်ခုခုကို မျှော်လင့်လာပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။