၁၃. ၅. ၂၀၂၃
Written by Peya
ဆိုင်ကလုန်းမုန်တိုင်း မိုခါကို ရင်ဆိုင်ရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ကာ Command Post ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။
လက်ရှိတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အဆင့်ဝန်ကြီးများပါဝင်သည့် Command Post ဖွဲ့စည်း၍ နေ့ညမပြတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး မုန်တိုင်းမကျမီ ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို အသေးစိတ်ဆွေးနွေး ညှိနှိုင်းအကောင်အထည်ဖော်နေကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ဦးဆောင်၍ အဆင့်ဆင့်သော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း မုန်တိုင်းရှောင်ပြည်သူများအနေဖြင့် နေရေးစားရေး အခက်အခဲ မရှိစေရန်အတွက် ကူညီမှုများ ပေးလျှက်ရှိပြီး ဆက်သွယ်ချိတ်ဆက်နိုင်မည့် ဖုန်းနံပတ်များကိုလည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် မျှဝေနေကြသည်ကို တွေ့မြင်ရသည်။
“အခုကတော့ စိုးရိမ်ပြီး ရှောင်နေတယ်။ အိမ်ကို ဒီအတိုင်းထားခဲ့တာ။ ကိုယ်နဲ့မကွာ အရေးပေါ် ပစ္စည်းတွေတော့ သယ်လာပါတယ်။ အားလုံး ဘေးကင်းစေချင်တယ်” ဟု ကျောက်တော်မြို့နယ်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ရခိုင်ပြည်နယ်က ဒေသများသို့ ကူညီရန်အတွက် တပ်မတော်ကူညီကယ်ဆယ်ရေး ယာဉ်စုများလည်း ထွက်ခွာလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အရေးပေါ်စားနပ်၊ ရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများပါဝင်သည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ယမန်နေ့တွင် ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့များသို့လည်းကောင်း စေလွှတ်ထားပြီ ဖြစ်ကြောင်း သိရသည်။