၁၃. ၅. ၂၀၂၃
Written by Thettant
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံဖြစ်သူအား ချက်ခြင်းဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ ၁၂ ရက် ၁ နာရီခွဲခန့်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်တွင် ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အသက် ၃၈ နှစ်ခန့်အရွယ် မအေးအေးစိုးမှာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေပြီး အသက် ၃၈ နှစ်အရွယ်ခန့်ရှိသူ ကျောက်ပွဲစား ကိုထွန်းမင်းလတ်တွင်လည်း ဝဲဘက်ဦးခေါင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ဝဲ နားရွက်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေပြီး အသက် ၄၂ နှစ်အရွယ် ကိုစိုးလှိုင်ဦးဆိုသူမှာ ဗိုက်ဖောက်ဝင်ဒဏ်ရာတစ်ချက် လက်မောင်းနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာများဖြင့် စိုးရိမ်ရဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။
၎င်းတို့သုံးဦးအား သတ်ဖြတ်သူမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး ပန်းရံဆေးသုတ်လုပ်သားဖြစ်သူ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ကြေးသွန်းရပ်နေသူ အောင်ကျော်ထက်ဆိုသူဖြစ်ပြီး ၎င်းကို မန္တလေးမြို့ရှိ ဆေးကုခန်းတစ်ခုတွင် ၎င်းရရှိခဲ့သော ဒဏ်ရာများ ကုသမှုခံယူစဥ် မွန်းလွဲ ၂ နာရီကျော်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
တရားခံအောင်ကျော်ထက်မှာ သေဆုံးသူမအေးအေးသင်း၏ ညီမဖြစ်သူနှင့် လူမှုရေးပြဿနာဖြင့် စကားများပြီးနောက် လာရောက်ရှာဖွေသတ်ဖြတ်ရာမှ တားဆီးရန်ကြိုးစားသူသုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသတ်ဖြတ်ရန်ကြံရွယ်သူ မအေးအေးသင်း၏ ညီမမှာမူ လွတ်မြောက်သွားကြောင်းလည်း သိရသည်။